နေပြည်တော် ဇူလိုင် ၁၉
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ရုံးပိတ်ရက်ရှည်ကာလများတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းမှု လွယ်ကူချောမွေ့စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ပင်လယ်ရေကြောင်း ဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်သွင်းခွင့်ပြုလျက်ရှိရာ လက်ရှိတွင် မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ ချင်းရွှေဟော်တို့မှ အဓိက တင်သွင်းလျက်ရှိသည်။
ဇူလိုင်၁၉ ရက်တွင် မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ ချင်းရွှေဟော်၊ မောတောင် ကုန်သွယ်ရေးစခန်းများမှ ကုမ္ပဏီ (၈၄) ခု၊ မော်တော်ယာဉ် (၄၅) စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၅၇ ဒသမ ၂၄၀) တန်၊ အောက်စီဂျင်အရည် (အိုးဖြင့်) (၃၆ ဒသမ ၀၄၀) တန်၊ အောက်စီ ဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၂၅ ဒသမ ၅၉၀) တန်၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၅၀၅၃)ခု၊ Test Kit (၅၀၀)ခု၊ နှာခေါင်းစီး ( Mask ) (၇၅၅၄၆) ကီလို တင်သွင်းနိုင်ခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် ထိုင်းနိုင်ငံ မျက်နှာစာမှ မြဝတီကုန်သွယ်ရေးဇုန်၊ တရုတ်နိုင်ငံမျက်နှာစာမှ မူဆယ်ကုန်သွယ်ရေးဇုန်တို့မှ အများဆုံး တင်သွင်းနိုင်ခဲ့ပြီး နိုင်ငံတော်မှ ရောဂါထိန်းချုပ်မှုအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိသည့် ဇူလိုင် ၁၂ ရက် မှ ၁၉ ရက်အထိ မော်တော်ယာဉ် (၁၆၂) စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၂၈၅ ဒသမ ၅၉၄) တန်၊ အောက်စီဂျင်အရည် (အိုးဖြင့်) (၈၃ ဒသမ ၁၆၉) တန်၊ အောက်စီဂျင် ဓါတ်ငွေ့ (အိုးဖြင့်) (၆၁ ဒသမ ၈၄၈) တန်၊ အိမ်သုံးအောက်စီဂျင်စက် (၁၁၅၅၈)ခု၊ Test Kit (၁၁၄၅၀၀) ခု၊ နှာခေါင်းစီး (Mask) (၃၆၅၂၂၁) ကီလို တင်သွင်းခွင့် ပြုခဲ့ပြီးဖြစ်သည်။
တရုတ်နိုင်ငံဘက်မှ ကမ္ဘာ့ကပ်ရောဂါ အခြေအနေအရ နှစ်နိုင်ငံကုန်သွယ်မှုကို ယာယီပိတ်ထားသော်လည်း မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် တရုတ်နိုင်ငံ၊ ရွှေလီမြို့ ပြည်ပရေးရာဌာနနှင့် တိုက်ရိုက်ဆက်သွယ်၍ ရောဂါကာကွယ် ကုသဆေးများ တင်သွင်းရန် ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေး ပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာ ကုန်သွယ်ရေးစခန်းများမှ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။
သတင်းစဉ်


