လားရှိုး ဇူလိုင် ၂၁

လားရှိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအား လားရှိုးပြည်သူ့ဆေးရုံကြီးစောင့်ကြည့် ကုသရေးအဆောင်များသာမက ပြည်ထောင်စုအားကစားကွင်းမိုးလုံလေလုံခန်းမ စောင့်ကြည့်ကုသရေး အဆောင်၊ ပညာရေးကောလိပ်စောင့်ကြည့်ကုသရေးအဆောင်များကို ထပ်မံဖွင့်လှစ်၍ စောင့်ကြည့် ကုသပေးလျက်ရှိကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံသို့ လားရှိုးမြို့ ရပ်ကွက်() သိန်းနီလမ်းရှိ လျှံကောင်းဗုဒ္ဓဘုရားကျောင်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကျပ်သိန်း ၃၀ ကို ပေးအပ်လှူဒါန်းရာ ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ရန်ပုံငွေကြီးကြပ်ရေးကော်မတီမှ ဦးမြင့်ဇော်ထွန်း (ဒုတိယညွှန်ကြားရေးမှူး) ခရိုင်စီမံကိန်းဦးစီးဌာနနှင့် တာဝန်ရှိသူတို့က လက်ခံပါသည်။

ထို့အတူ ဦးမြင့်မောင်-ဒေါ်လီလီ (စိန်ဝတ်မှုန်ကုမ္ပဏီ)မှ ငွေကျပ် ၁၀ သိန်းကို လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်ရှိ ပျံကျစျေးများတွင် Mask တပ်ဆင်ရောင်းဝယ်ရန်၊ တစ်ဦးနှင့်တစ်ဦး ပေ ခြား၍ ရောင်းချရန် Hand Speaker ဖြင့် တိုက်တွန်းလျက်ရှိကြောင်းသိရှိရသည်။

ဟန်ဌေး (လားရှိုး)