ပန်းတောင်း ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင် ကျေးရွာစီမံကိန်း အတိုးရငွေ ၅၀ ရာခိုင်နှုန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

ဖွံ့ဖြိုးရေးလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ နည်းပညာပံ့ပိုးကူညီမှုဖြင့် ပြည်သူလူထု ကိုယ်တိုင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လဲကျေးရွာ၌ အတိုးရငွေကျပ် ၂၆ သိန်းဖြင့် ကွန်ကရစ် လမ်းခင်းခြင်းနှင့် ကျီးတောကျေးရွာ၌ အတိုးရငွေကျပ်သိန်း ၅၀ ဖြင့် ၄၀၀ ဗို့ ဓါတ်အားလိုင်း၊ ၂၀၈၈ ပေ မီးကြိုးသွယ်တန်းခြင်း ဆောင်ရွက်ပြီးစီးမှုကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းသန်းဇော်နှင့် တာဝန်ခံဝန်ထမ်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ ကျေးရွာကော်မတီများက လုပ်ငန်းပြီးစီးမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

မင်းမြင့်မိုရ်(ကျေးလက်)