ရွှေဘို   ဇူလိုင်   ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုထိန်းချုပ် နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၂၁ ရက်နေ့ နံနက်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဦးနှင့် ဝန်ထမ်းများက အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများကို ရွှေဘိုမြို့ လူစည်ကားရာနေရာများဖြစ်သော ဈေးနှင့် လမ်းဆုံများ၌ ရပ်ကွက်/ကျေးရွာအတွင်း နေထိုင်သော ပြည်သူများအား မဖြစ်မနေ အရေးကြီး ကိစ္စကြောင့် နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင် ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင် သွားလာရန်၊ တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးကြောရန်၊ လူစုလူဝေးရှောင်ပြီး သတ်မှတ်အကွာအဝေးအတိုင်း နေထိုင်ကြ ရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန်၊ ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး အတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာပြီး ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန်နှင့် ဖျားနာခြင်း၊ အနံ့ပျောက်ခြင်းများ ဖြစ်ပေါ်လာပါက မိမိနေအိမ်တွင် နေထိုင်၍ သက်ဆိုင်ရာတာဝန်ရှိသူများထံ အကြောင်းကြားပါ စသည့် အသိပညာပေးလုပ်ငန်းများအား အသံချဲ့စက်ဖြင့် လှည့်လည်၍ နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသော ကျန်းမာရေးဆိုင်ရာ အသိပညာပေးကြေညာချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီက ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များကို ပြည်သူများ သိရှိလိုက်နာနိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာဌာနများ၊ အရပ်ဖက်အဖွဲ့အစည်းများကလည်း နေ့စဉ်ကြေညာပေးလျက်ရှိကြောင်း သိရှိရပါသည်။

(ခရိုင်ပြန်/ဆက်)