ရပ်စောက် ဇူလိုင် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်ဟုန်မြှင့်၍ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီ၌ တာဝန်ရှိသူများမှ အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေးနှိုးဆော်ခြင်းကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များတွင် ပြည်သူများအနေဖြင့် မိမိနေအိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မဖြစ်မနေ နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်းများစနစ်တကျတပ်ဆင်သွားလာကြရန်၊ တစ်ဦးနှင့်တစ်ဦးခြောက်ပေခွာ၍ လူစုလူဝေးများ ရှောင်ရှားကြရန်၊ မကြာခဏလက်ကို ဆပ်ပြာဖြင့် စနစ်တကျဆေးကြောကြရန်၊ အသုံးပြုပြီးသော နှာခေါင်းစည်းများကို စနစ်တကျ စွန့်ပစ်ရန် အသိပညာပေးနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုများခံယူကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များကို စဉ်ဆက်မပြတ် အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)




