တွံတေး ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ်တွင် လတ်တလော ကူးစက်မြန် ကိုဗစ်-၁၉ရောဂါ တတိယ လှိုင်း၌ ကိုဗစ်လူနာများနှင့်အောက်ဆီဂျင်အသုံးပြုနေရသူများ၊ အောက်ဆီဂျင်လိုအပ်ချက်များ ပြားလာသဖြင့် အောက်ဆီဂျင် အဆင်ပြေစွာရရှိအသုံးပြုနိုင်ရန် တွံတေးမြို့နယ်စိတ္တသုခကုသိုလ်ပြု အသင်းမှ ရွေ့ပြောင်း၍ရသောကွန်တိန်နာ Mobile Oxygen Plant အောက်ဆီဂျင် ထုတ်စက်ရုံတစ်ရုံ တည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

တစ်နေ့လျှင် အောက်စီဂျင်လီတာ(၄၀)ဆံ့အိုး အလုံး(၈၀)ဖြည့်တင်းထုတ်လုပ်ပေးနိုင်သော အဆိုပါ စက်ရုံအား ပြည်သူ့ဆေးရုံအနီးရှိ စိတ္တသုခလူမှုကယ်ဆယ်ရေးအသင်းရုံး၌ ထားရှိမည်ဖြစ်ကြောင်းသိရ သည်။ ယင်းစက်ရုံကို စေတနာရှင်အလှူရှင်များ၏ စုပေါင်းထည့်ဝင်ငွေဖြင့်စုစုပေါင်း ကာလတန်ဖိုးငွေ ကျပ်သိန်း(၁၂၀၀)ကျော် ကုန်ကျမည်ဖြစ်ကြောင်းသိရသည်။ တွံတေးမြို့၌ ထို့ကဲ့သို့အပ်လျက်နေသော ကျပ်သိန်း၁၂၀၀ကျော် တန်ဖိုးရှိအောက်ဆီဂျင်စက်အား တရုတ်နိုင်ငံမှ ဝယ်ယူပြီးဖြစ်ကာ ဇူလိုင်လ ကုန်နှင့် သြဂုတ်လဆန်းပိုင်းတွင် ရောက်ရှိမည် ဖြစ်ကြောင်းသိရှိရသည်။

တတိယလှိုင်းကာလတွင် မြို့နယ်များတွင်နာတာရှည်ရောဂါသည်များ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ များအတွက် အောက်ဆီဂျင်လိုအပ်ချက်မြင့်မားလာပြီး ထိုသို့သော အခြေအနေများကျော် လွှားနိုင်ရန် အတွက်အောက်ဆီဂျင်စက်ရွေ့ပြောင်း၍ရသောကွန်တိန်နာ Moible Oxygen Plant ကို တည်ဆောက်ခြင်း ဖြစ်ကြောင်းသိရသည်။

တွံတေးမြို့ပြည်သူဆေးရုံ၌ တက်ရောက်ကုသနေသော အောက်စီဂျင်လူနာများအတွက် အောက်ဆီဂျင် မပျက်လပ်ရေး စိတ္တသုခလူမှုကယ်ဆယ်ရေးအသင်းမှ ကြိုးစားပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီ၊ စိတ္တသုခ အသင်းမှ နာယကကြီးများက အောက်ဆီဂျင်စက်ရုံများတွင် အောက်စီဂျင်ရရှိရေးအစွမ်းကုန် ကြိုးစား ဆောင်ရွက်လျက်ရှိကာ ဆေးရုံအောက်စီဂျင်မပျက်လပ်ရေး ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူထံမှ သိရသည်။

မြို့နယ် ပြန်/ဆက်

FB