မင်းဘူး   ဇူလိုင်   ၂၁

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင် ကြက်ဥဈေး တရိပ်ရိပ် မြင့်တက်လာနေပြီဖြစ်၍ စားဝတ်နေရေး  အဆင်ပြေလျက်ရှိကြကြောင်း မင်းဘူး(စကု)မြို့နယ် ဆင်ခေါင်းကျေးရွာ ဥစားကြက် မွေးမြူသူများထံမှ သိရသည်။

ကြက်ဥများမှာ သုံးမျိုးသုံးစားရှိပြီး တစ်လုံးလျှင်ကျပ် ၈၀၊ ၁၀၀၊ ၁၂၀ ဈေးမှ တက်လာကာ တစ်လုံးလျှင်ကျပ် ၁၈၀၊ ၂၀၀၊ ၂၂၀ ဈေးဖြင့် ဝယ်ယူစားသုံးနေရကြောင်း မင်းဘူးမြို့မှ စားသောက်ကုန်ပစ္စည်းများ လက်လီ ဝယ်ယူ စားသုံးနေသူ ဒေါ်အေးကြွယ်ထံမှ သိရသည်။

ယခင်လများက ကြက်စာဈေး အနည်းငယ် မြင့်တက်သော်လည်း ကြက်ဥဈေးနှုန်းမှာကျပ် ၁၀၀ ဝန်းကျင်၌သာ တန့်နေ၍ မွေးမြူသူများ အမြတ်နည်းသော်လည်း စားသုံးသူများမှာ အဆင်ပြေမှု ရှိလေသည်။ ဇူလိုင်လ အစပိုင်းမှ စ၍ ကြက်ဥဈေး လှုပ်လာကာ ကြက်ဥအလတ်စား တစ်လုံးလျှင် ၁၀၅ ကျပ်၊ ကျပ် ၁၁၀ မှ ယခုအချိန်တွင် ကျပ် ၂၀၀ အထိ ဈေးမြင့်တက် လာခဲ့သည်။

မင်းဘူး(စကု)မြို့နယ်ထဲတွင် ဥစားကြက် မွေးမြူကြသော ကျေးရွာများမှာ ကျောက်တန်း၊ ရေတွင်းကုန်း၊ ချောင်းဖြူ၊ သီးကုန်း၊ ဆင်ခေါင်း၊ ဇီးအိုင်နှင့် စကုနယ်တစ်ဝိုက်တွင် အများဆုံး မွေးမြူကြပြီး၊ ရွာတစ်ရွာလျှင် ကြက်ခြံ နှစ်ခြံ၊ သုံးခြံ၊ လေးခြံ အစရှိသဖြင့် အမျိုးမျိုး မွေးမြူကြကာ အချို့က ကိုယ်ပိုင်မွေးမြူကြသလို အချို့က ကုမ္ပဏီများနှင့် ဖက်စပ် မွေးမြူကြကြောင်း၊ ယခုလို ကြက်ဥဈေး မြင့်တက် လာတဲ့အတွက် စားဝတ်နေရေး အဆင်ပြေလျက် ရှိကြကြောင်း ဆင်ခေါင်းကျေးရွာမှ ဥစားကြက်များ မွေးမြူသူ ဦးမြင့်အောင်က ပြောသည်။

ဇေယျာထက် (မင်းဘူး)