mdn

နေပြည်တော် ဇူလိုင် ၂၁

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှု မရှိစေပဲ အမြန်ဆုံး ရောက်ရှိနိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ပင်လယ်ရေကြောင်း ဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ အဆက်မပြတ် တင်သွင်းခွင့်ပြုလျက်ရှိသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု စတင်မြင့်တက်လာသည့် ဇူလိုင် ၁၂ ရက်မှစ၍ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိရာ အများပြည်သူ အလုပ်ပိတ်ရက်ရှည်အဖြစ် သတ်မှတ်ထားသည့် ကာလအတွင်း၌လည်း အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများသည် ညှိနှိုင်းထားသည့် SOP များနှင့်အညီ လွယ်ကူမြန်ဆန်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဇူလိုင် ၂၁ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Oxygen Generator (၃၇) လုံး အပါအဝင် မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ ချင်းရွှေဟော်၊ ကော့သောင်း ကုန်သွယ်ရေး စခန်းများမှ အောက်ဆီဂျင်အရည် (Bowser) ယာဉ် (၃) စီးဖြင့် (၅၈) တန်၊ အောက်ဆီဂျင် အရည် (အိုးဖြင့်) (၅၇) တန်၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၁၈၄၈)ခု၊ နှာခေါင်းစည်း (Mask) တန် (၃၀) တင်သွင်းနိုင်ခဲ့သည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ (၂၅)ခု မှ ယာဉ်စီးရေ (၄၁) စီးဖြင့် တင်သွင်းလာခြင်း ဖြစ်သည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် ထိုင်းနိုင်ငံဘက်မှ မြဝတီကုန်သွယ်ရေးဇုန်၊ တရုတ်နိုင်ငံဘက်မှ မူဆယ်ကုန်သွယ်ရေးဇုန်တို့မှ အများဆုံး တင်သွင်းနိုင်ခဲ့ပြီး နိုင်ငံတော်မှ ရောဂါထိန်းချုပ်မှုအတွက် ဦးစားပေး ဆောင်ရွက်လျက်ရှိသည့် ဇူလိုင် ၁၂ ရက်မှ ၂၁ ရက်အထိ မော်တော်ယာဉ် (၂၅၄)စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၃၈၇) တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) တန် (၁၇၀) ၊ အောက်ဆီဂျင် ဓာတ်ငွေ့ (အိုးဖြင့်) (၆၂) တန်၊ အိမ်သုံးအောက်ဆီဂျင်စက် (၁၇၄၀၉)ခု၊ Test Kit (၁၃၄၅၀၀) ၊ နှာခေါင်းစည်း ( Mask ) တန် (၄၅၀) တင်သွင်းခွင့် ပြုခဲ့ပြီးဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား အဆက်မပြတ် တင်သွင်း ခွင့်ပြုပေးလျက် ရှိကြောင်းနှင့် တင်သွင်းရာတွင်လည်း ကြန့်ကြာမှု မရှိစေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်