ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် စေတနာဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ အတွက် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အွန်လိုင်း သင်တန်းဖွင့် 

mdn

နေပြည်တော် ဇူလိုင် ၂၁

နိုင်ငံတစ်ဝန်းလုံးအတိုင်းအတာဖြင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည် နယ်အသီးသီးမှ စေတနာ့ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ် တုံ့ပြန်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုသင်တန်းကို အွန်လိုင်း စနစ်ဖြင့်  ယနေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပသည်။

အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာသင်တန်းနည်းပြများ၊ သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ စေတနာ့ဝန်ထမ်းများ နှင့် ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ Virtual ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက    မြို့နယ်အဆင့် စေတနာဝန်ထမ်းပံ့ပိုး ကူညီရေး အဖွဲ့များကို သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများက ဦးဆောင်၍ ဖွဲ့စည်းဆောင် ရွက်သွားရန်နှင့် စေတနာ့ဝန်ထမ်းများအတွက် လိုအပ်သော စက်သုံးဆီ၊ စားစရိတ်၊ ကျန်းမာ ရေးအကာအကွယ်သုံး ပစ္စည်းများကို နိုင်ငံတော်မှ ပံ့ပိုးပေးသွားရန်ဖြစ်ပါကြောင်း။

ယခုသင်တန်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ တိကျသော လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးနှင့် ပိုးတွေ့လူနာများ၊ သံသယလူနာ များ၊ ထိစပ်သူများနှင့် ပတ်သက်ပြီး ကူညီဆောင်ရွက်ရာတွင် သိရှိလိုက်နာရန် အချက်များကို  စုစည်းပြင်ဆင်ထားပြီး သင်တန်းဆောင်ရွက်ခြင်းဖြစ်ပါ ကြောင်း။
ယနေ့သင်တန်းတွင် စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်၊ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်သော သိသင့်သည့်အချက်များ၊ ကူးစက် ရောဂါကာကွယ်ရေးနည်း လမ်းများ အပါအဝင် ပြောဆိုဆက်သွယ်ခြင်းဆိုင်ရာ စွမ်းရည်၊ နှစ်သိမ့် ဆွေးနွေးကူညီပေးခြင်း ဆိုင်ရာ နည်းလမ်းများ၊ ထိခိုက်လွယ်အုပ်စုများဖြစ်သည့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ကလေး သူငယ်များ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများ            စသည့် အုပ်စုအလိုက် ကူညီစောင့်ရှောက်ခြင်းနှင့် ပတ်သက်သော လိုက်နာရန်များ၊ ရှောင်ရန် ဆောင်ရန်များကို  ပို့ချဆွေးနွေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က  အမှာစကားပြောကြားပြီး သက်ဆိုင်ရာ ဘာသာရပ်ကျွမ်းကျင်သူများက ဘာသာရပ်များကို ရှင်းလင်း ပို့ချခြင်း၊ စေတနာ့ ဝန်ထမ်းများနှင့် အပြန်အလှန်ဆွေးနွေးခြင်း၊ အသိပညာမျှဝေခြင်းများ ဆောင်ရွက်ကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)