မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆေးဝါးများနှင့် ကိုဗစ်-၁၉ အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

စလင်း ဇူလိုင်၂၂

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များသည် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကံပြားကျေးရွာအုပ်စု၊ ကံပြားကျေးရွာသို့ ဇူလိုင် ၂၁ ရက်က သွားရောက်၍ ကံပြားကန် သဲနုန်းဆယ်ယူခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လင်းဇင်းကျေးရွာအုပ်စု၊ လင်းဇင်းကျေးရွာရှိ လင်းဇင်းဆည်မှ ရေပေးဝေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက်တာဝန်ရှိသူများသည် စလင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ပတ္တမြား အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တေွ့ဆုံခဲ့ပြီး မြို့နယ် ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌက ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်က Quarantine Centre များဖွင့်လှစ်ထားမှုအခြေအနေများ၊ လိုအပ်သည့် အထောက်အကူပြုပစ္စည်းများနှင့် ဆေးဝါးများ၊ အောက်စီဂျင် ရရှိသုံးစွဲလိုအပ်မှုအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေး မှာကြားခဲ့သည်။ 

ထို့နောက်တွင် မြို့နယ် ကိုဗစ်-၁၉ ကော်မတီသို့ ကိုဗစ်-၁၉ အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး စလင်းမြို့နယ် ပြည်သူ့ဆေးရုံတွင်လည်း ဆေးဝါးများနှင့် ကိုဗစ်-၁၉ အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ စလင်းမြို့ပြည်သူ့ဆေးရုံ၊ အ.ထ.က(၁) စလင်းနှင့် မိုးလုံလေလုံအားကစားခန်းမရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၄၀ အတွက် တစ်ဦးလျှင် ကြက်ဥ(၅)လုံးနှုန်းဖြင့် စုစုပေါင်းအလုံး ၇၀၀၊ ခေါက်ဆွဲခြောက်(၂၄) ပါကင်နှင့် ကော်ဖီမစ်ထုပ်ကြီး(၄၉)ထုတ်တို့ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်လွင်(စလင်း)

 

 IMG20210721183