မချမ်းဘော ဇူလိုင် ၂၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးလျက်ရှိရာ အဆိုပါလမ်း ဖောက်လုပ်လျက်ရှိသော လုပ်ငန်းခွင်သို့ ဇူလိုင် ၂၂ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ခိုင်မာသောအနာဂါတ် ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိသော ထရန်ဒမ်းကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း၊ ယင်းလမ်းပေါ်ရှိ Box Culvert နှင့် ရေပြွန် ဆောက်လုပ်ခြင်းလုပ်ငန်းခွင်သို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။ 

အဆိုပါလမ်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ လုပ်ငန်းအားလုံး၏ ၇၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း၊ လမ်းလုပ်ငန်းပြီးစီးပါက ဒေသခံကျေးရွာနေ ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေး လုပ်ငန်းများ၏ ထုတ်ကုန် ထွက်ကုန်များကို ကုန်ကျစရိတ်သက်သာစွာဖြင့် စျေးကွက်အတွင်း လျင်မြန်စွာသယ်ယူပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မင်းမြင့်မိုရ်(ကျေးလက်)