မြဝတီ ဇူလိုင် ၂၂

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားလာသဖြင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုများအား အသံချဲ့စက်ဖြင့်ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၂ ရက်တွင် မြို့အတွင်းရှိ ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများ၊ ဈေးများ နှင့် လူစည်ကားရာနေရာများတွင်  လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားလာသောကြောင့်  မြဝတီမြို့ရှိ မိဘပြည်သူများအနေဖြင့် လက်ရှိ အခြေအနေတွင် အတတ်နိုင်ဆုံး မဖြစ်မနေအိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်တွင် ပြင်ပမှလာသော ဧည့်သည်များအား လက်မခံရန်၊ အရေးကြီးကိစ္စကြောင့် အပြင်သွားရပါက ပါးစပ်နှာခေါင်းစည်းတို့ကို စနစ်တကျတပ်ဆင်ရန်၊ Mask မတပ်သူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်ကွယ်ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် အနည်းဆုံးစက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန် စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များကို မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတို့က  ပူးပေါင်း၍ နံနက်(၈)နာရီမှ(၉)နာရီ အထိတစ်ကြိမ်၊ နေ့လယ်(၁၂)နာရီမှ (၁)နာရီအထိတစ်ကြိမ်၊ ညနေ(၃)နာရီမှ(၄)နာရီထိတစ်ကြိမ် စုစုပေါင်း (၃)ကြိမ် အသိပညာပေး နှိုးဆော်ကြမည် ဖြစ်သည်။

ထို့အပြင် မြဝတီမြို့နယ်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၁၂ ရက်နေ့တွင် အမိန့်အမှတ် ၂၈၇/၂၀၂၁ ဖြင့် နေအိမ်တွင်နေထိုင်ရေးအစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ကြေညာခဲ့သည့်အတွက် မြဝတီမြို့မှ ပြည်သူများအား ဈေးဝယ်ခြင်းနှင့် ကျန်းမာရေးကိစ္စမှအပ အပြင်ထွက်ခွာခြင်းကို တားမြစ်ထားပြီး ဈေးဝယ်ခွင့်ကိုလည်း ဈေးဝယ်ခွင့် ကတ်ပြားများဖြင့် နံနက် ၆ နာရီနံနက်မှ ၉ နာရီအထိသာ ခွင့်ပြုထားကြောင်း ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။ 

မန်းသန်းရွှေမြင့်