မချမ်းဘော့ ဇူလိုင် ၂၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်ဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ မချမ်းဘောမြို့ပေါ်ရှိ ရပ်ကွက် များတွင် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး ကြေညာခြင်းကို ဇူလိုင် ၂၁ ရက်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌဦးဝေယံမင်းသွင်ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတူးဂျာနှင့် ဒုတိယဦးစီးမှူးဦးမင်ထုန်းဒီးရမ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဖုန်ကူးခါ့မိုင်၊ မြို့နယ်ကျန်းမားရေး၀န်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၀င်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များရှိ လူအသွားအလာများသည့် လမ်းဆုံလမ်းခွများတွင် အသံချဲ့စက်ဖြင့်လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြသည်။
ထိုသို့အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကူးစက်မှု ထိန်းချုပ်ရန်နှင့်ကူးစက်မှုမှ ကာကွယ်ရန်အတွက် တတ်နိုင်သမျှအိမ်တွင်း၌သာနေထိုင်ရန်၊ အိမ်တွင်ဧည့်သည် လုံး၀လက်ခံခြင်းမပြုလုပ်ရန်နှင့် မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ်သွားရောက်ခြင်းမပြုလုပ်ရန်၊ မဖြစ်မနေ အပြင်သွားလိုပါက နှာခေါင်းစည်းMaskကို မဖြစ်မနေတပ်ဆင်ရန်နှင့် သုံးပြီး Mask အား စနစ်တကျစွန့်ပစ်ရန်၊ လူစုလူဝေး လုံး၀ရှောင်ကြဉ်ရန်၊ ပါးစပ်နှင့်နှာခေါင်းစည်းMask တပ်ဆင်ခြင်းထားခြင်း မရှိသူများထံမှ ဈေး၀ယ်ခြင်းမပြုရန်၊ အပြင်မှပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့်၂၀ကြာအောင် စနစ်တကျ ဆေးကြောရန်၊ အခြားသူများနှင့် ၆ပေအကွာခပ်ခွာခွာနေရန် စသည့်စည်းကမ်းချက်များကို စနစ်တကျ လိုက်နာမှသာလျှင် အချိန်တိုအတွင်း ထိရောက်အောင်မြင်၍ ယခုဖြစ်ပွားနေသော ကိုဗစ်-၁၉ တတိယလှိုင်းကို ထိခိုက်မှုအနည်းဆုံးဖြင့် ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါစည်းကမ်းချက်များကို မလိုက်နာပါက သဘာ၀ဘေးဆိုင်ရာဥပဒေဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါလက္ခဏာတစ်စုံတစ်ခုဖြစ်ပေါ်လာပါက ကိုဗစ်-၁၉ရောဂါစစ်ဆေးရန် မချမ်းဘောမြို့နယ် ကျန်းမာရေးဌာနသို့ မေးမြန်း၍စစ်ဆေးနိုင်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်


