နန်းယွန်း ဇူလိုင် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိရေး အတွက် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၁၈၉ ဒသမ ၂ သန်း အသုံးပြုကာ ကျေးရွာခြောက်ရွာ၌ စိမ့်စမ်းရေ သွယ်တန်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ယခုနှစ်ဧပြီလ ပထမပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း နန်းယွန်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
နန်းယွန်းမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဂလွန်း၊ ရနူး၊ ကော်ချုံး၊ တုံကီ၊ ကြူယန်းလောင်ပ၊ ဟရှိတ်နုတ်ညိုကျေးရွာစသည့် ကျေးရွာခြောက်ရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၅၉ ဒသမ ၄ သန်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၂၉ ဒသမ ၈ သန်း စုစုပေါင်းငွေကျပ် ၁၈၉ ဒသမ ၂ သန်းဖြင့် စိမ့်စမ်းရေသွယ်တန်းခြင်းနှင့် ဆက်စပ်လုပ်ငန်းခြောက်ခုကို တင်ဒါအောင်မြင်သည့်ကုမ္ပဏီများက တာဝန်ယူအကာင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း နန်းယွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရာဌေးက ပြောပြသည်။
“ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နှစ်စဉ်သောက်သုံးရေ အခက်အခဲရှိသော ကျေးရွာများအား သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် ဦးစားပေးအလိုက်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုနှစ်တွင် ကျေးရွာခြောက်ရွာ၌ ရေပေးရေး လုပ်ငန်းခြောက်ခုကို ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အဆိုပါကျေးရွာများရှိ အိမ်ခြေ(၃၇၁)အိမ်၊ လူဦးရေ(၂၂၅၂)ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်များ သောက်သုံးရေဖူလုံစွာ ရရှိမည်ဖြစ်ကြောင်း” မြို့နယ်ဦးစီးမှူး ဦးရာဌေးက ဆက်လက်ပြောပြသည်။
စိုးမိုးကျော်


