ပွင့်ဖြူ ဇူလိုင် ၂၂
နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုနှုန်း မြင့်တက်လာနေသည့်အတွက် ကိုဗစ်-၁၉ ရောဂါ အန္တရာယ်အား ပြည်သူများ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ထိရောက်သော ကာကွယ်ထိန်းချုပ်မှုများ ဆောင်ရွက်သွားနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေး အသင်းတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာအချက်များကို အသံချဲ့စက်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ လှည့်လည်၍ သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသံချဲ့စက်ယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် သတိပေးနှိုးဆော်ရာတွင် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါပိုးသည် လျင်မြန်စွာ ကူးစက်ပြန့်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များကို လက်မခံရန်၊ အပြင်သွားလာခြင်းများ ရှောင်ရှားကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စဖြင့် အပြင်သွားလာရပါက ပါးစပ်နှာခေါင်းစည်းနှင့် မျက်နှာအကာ(Face Shield)များ မဖြစ်မနေ တပ်ဆင်သွားလာကြရန်၊ တစ်ဦးနှင့် တစ်ဦး အနည်းဆုံး ၆ ပေ အကွာစီ နေထိုင်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းများ ရှောင်ရှားကြရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် ဆေးကြောရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိ တို့ကို ကိုင်တွယ်ခြင်း မပြုလုပ်ကြရန်၊ မိမိတို့ နေအိမ်များတွင် ပြူတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက် ကောင်းအောင် ပြုလုပ်ကြရန်၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်သဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အထူးဂရုပြု လိုက်နာဆောင်ရွက်ကြရန်၊ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ ကျန်းမာရေးစစ်ဆေးမှုခံယူကြရန်၊ ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် စသည့် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာများကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယခုကဲ့သို့ အသံချဲ့စက်ယာဉ်ဖြင့် လိုက်လံ သတိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ အပြင်သွားလာသည့်အခါ ပါးစပ်နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်သွားလာရေးအတွက် Mask Campaign များကို အပတ်စဉ် တနင်္လာနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ပြန်/ဆက်)


