ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် တည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံတွင် အသုံးပြုရန် မိုင်းလားနယ်စပ်မှ အောက်ဆီဂျင်အိုး အလုံး ၁၀၀ ရောက်ရှိ

mdn

ကျိုင်းတုံ    ဇူလိုင် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ စီစဉ်မှုဖြင့် ဝယ်ယူသည့် အောက်ဆီဂျင် ၄၀ လီတာအိုး အလုံး (၁၀၀)  သယ်ဆောင်လာသည့် မော်တော်ယာဉ်သည်  မိုင်းလားနယ်စပ်မှ ကျိုင်းတုံမြို့သို့ ဇူလိုင် ၂၁ ရက် ည ၉ နာရီက ‌ရောက်ရှိခဲ့ရာ  ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ကြိုဆိုလက်ခံရယူကြကြောင်း သိရသည်။
 
အဆိုပါ အောက်ဆီဂျင် ၄၀ လီတာ အိုး အလုံး (၁၀၀) သည် ကျိုင်းတုံ ပြည်သူ့ဆေးရုံကြီးတွင် တည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံတွင်  အသုံးပြုရန် ‌မိုင်းလာနယ်စပ်မှ ကျိုင်းတုံမြို့သို့ မော်တော်ယာဉ်ဖြင့် သယ်ဆောင်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ‌‌ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက်များကို အထောက်အကူဖြစ်စေရန် အဆိုပါ ‌အောက်ဆီဂျင်စက်ရုံကို သြဂုတ်လ ပထမပတ်အတွင်း ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် တည်ဆောက်နိုင်ရေး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)