တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Sinopharm ကုမ္ပဏီထုတ် COVID-19 ရောဂါ ကာကွယ်ဆေးများရောက်ရှိ 

mdn

နေပြည်တော်  ဇူလိုင် ၂၂ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် Sinopharm ကုမ္ပဏီထုတ် COVID-19 ရောဂါ ကာကွယ်ဆေး Dose (၇၃၆,၀၀၀) နှင့် ဆက်စပ်ပစ္စည်းများ ယနေ့ ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ Air China လေကြောင်းလိုင်းဖြင့် ရောက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းမှ video conferencing စနစ်ဖြင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးထံမှ လွှဲပြောင်းလက်ခံရယူသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက ယခုကဲ့သို့ COVID-19 ရောဂါ ကာကွယ်ဆေးများ လှူဒါန်းခြင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံ အပြန်အလှန်ဖေးမကူညီသည့် အေးအတူပူအမျှ အသိုက်အဝန်းစိတ်ဓာတ်ကို ပေါ်လွင်စေပြီး ထိရောက်မှုရှိသော ကပ်ရောဂါ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်ခြင်းဖြစ်ကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရ၏ “ပြည်သူသည်သာ အဓိက၊ အသက်သည်သာအဓိက” ဟူသည့် ကပ်ရောဂါ တိုက်ဖျက်ရေးသဘောအရ မြန်မာပြည်သူများ လက်ရှိခံစားနေရသော ပြင်းထန်သော ကပ်ရောဂါ အခြေအနေ တိုက်ဖျက်ရန်အတွက် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ထုတ်လုပ်သည့်စက် (Oxygen Concentrator) စသော အရေးပေါ်ပစ္စည်းများ လျင်မြန်စွာ ထောက်ပံ့ပေးနိုင်ရန် ယူနန် ပြည်နယ်မှတစ်ဆင့် အထူးလမ်းကြောင်း သီးသန့်ဖွင့်လှစ်ပေးထားပါကြောင်း။

လတ်တလောတွင် ကပ်ရောဂါနှင့် ပတ်သက်သော ကုသရေးပစ္စည်းများဖြစ်သည့် အသက်ရှူစက် (Ventilator)၊ အောက်ဆီဂျင် ထုတ်လုပ်သည့်စက် (Oxygen Concentrator)၊ အောက်ဆီဂျင် အရည်၊ အောက်ဆီဂျင်အိုး၊ နှာခေါင်းစည်း စသည့် မြန်မာနိုင်ငံမှ အရေးပေါ်လိုအပ်လျက်ရှိသော ပစ္စည်းများကို တရုတ်နိုင်ငံမှ ပို့ဆောင်လျက်ရှိကြောင်း၊ လတ်တလောတွင် တရုတ်-မြန်မာ နယ်စပ်၌ အတည်ပြုလူနာသစ်များ တိုးပွားလျက်ရှိရာ တရုတ်-မြန်မာ နှစ်နိုင်ငံပူးတွဲထိန်းချုပ်ရေး လုပ်ငန်းများ အင်တိုက်အားတိုက် ဖော်ဆောင်လျက်ရှိပါကြောင်း၊ ယခုအခွင့်အခါကြုံခိုက် ပြည်ထောင်စုဝန်ကြီးနှင့်တကွ ကပ်ရောဂါတိုက်ဖျက်ရေး ရှေ့တန်း၌ တိုက်ပွဲဝင်လျက်ရှိသော ကျန်းမာရေး ဝန်ထမ်းများအား လေးစားကြောင်း ကို ဖော်ပြလိုပါကြောင်း၊ ကပ်ရောဂါ တိုက်ဖျက်ရေးဆောင်ရွက်မှုအား စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအား ထောက်ခံ အားပေးကူညီမှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။ 

ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဦးဆောင်မှုဖြင့် နိုင်ငံသူ၊ နိုင်ငံသားများအား COVID-19 ရောဂါကူးစက်မှု ဟန့်တားနိုင်ရန် ကာကွယ်ဆေးများအား အချိန်နှင့်တပြေးညီ ထိုးပေးနိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းပေးအပ်သည့် ကာကွယ်ဆေးများအား လက်ခံရရှိအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် နိုင်ငံသားများအား ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ လှူဒါန်းမှု ပထမ အကြိမ်အဖြစ် ကာကွယ်ဆေး ပမာဏ (၅)သိန်းအား (၂၀၂၁)ခုနှစ်၊ ဧပြီလတွင် လက်ခံရရှိခဲ့ပြီး ယခု ထပ်မံရောက်ရှိလာသော ကာကွယ်ဆေးများဖြင့် မြန်မာနိုင်ငံ၏ COVID-19 ကပ်ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်များအား အားဖြည့်လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံရှိ ပြည်သူလူထုအားလုံး ဆင်းရဲချမ်းသာ လူမျိုးဘာသာ မခွဲခြားပဲ ကာကွယ်ဆေးကို တတ်နိုင်သမျှ အလျင်အမြန်ရရှိရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ရောက်ရှိလာသော ကာကွယ်ဆေးများကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် လူဦးရေ၊ ရောဂါဖြစ်ပွားမှုအပေါ် မူတည်၍ ပြည်သူ့ ဆေးရုံများနှင့် ကာကွယ်ဆေးထိုးစုရပ်များတွင် National Deployment Plan အရ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း။

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ ကုန်သွယ်စီးဆင်းမှု အောင်မြင်ရေးအတွက် နယ်စပ်ဒေသရှိ ပြည်သူများအား ဦးစားပေး ထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း၊ လာမည့်ကာလများတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုရှိစွာဖြင့် ဆက်လက်၍ လက်တွဲလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် COVID-19 ရောဂါ ကာကွယ်ဆေး လွှဲပြောင်းလက်ခံသည့် မှတ်တမ်းအား နှစ်နိုင်ငံ အပြန်အလှန် လက်မှတ်ရေးထိုးကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဒုတိယအသုတ် လှူဒါန်းသည့် ကာကွယ်ဆေး Dose (၂)သန်းနှင့် ဆက်စပ်ပစ္စည်းများသည် ဇူလိုင် (၂၂)၊ (၂၃) နှင့် (၂၄)ရက်နေ့များတွင် (၃)ကြိမ်ခွဲ၍ ရောက်ရှိမည်ဖြစ်ပြီး ဝယ်ယူထားသည့် ကာကွယ်ဆေး Dose (၄) သန်းမှာ ဇူလိုင်လနှင့် ဩဂုတ်လများအတွင်း ထပ်မံရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။
 
သတင်းစဉ်