ကသာ ဇူလိုင် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာအကျဉ်းထောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏              ၂၀-၇-၂၀၂၁ ရက်စွဲပါ အမိန့်အမှတ်- ၁၄၇/၂၀၂၁ အရ အချုပ်သူ အချုပ်သားများ၏ စစ်ဆေးကြားနာဆဲအမှု များအား ပိတ်သိမ်းခြင်းအခမ်းအနားကို ဇူလိုင် ၂၂ ရက် ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ရ၍ မိမိဒေသသို့ ရောက်ရှိသွားပါက ကောင်းမွန်စွာ အသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်ကြရမည်ဖြစ်ပြီး ယခုလက်ရှိ ကူးစက်ပြန့်ပွားနေသည့် ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ နေထိုင်ရန်လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။ 

ဆက်လက်၍ ခရိုင်ရဲတပ်ဖွဲ့နှင့် ကသာအကျဉ်းထောင်မှ တာဝန်ရှိသူများက အကျဉ်းသား အကျဉ်းသူများအား လိုအပ်သည်များကို မှာကြားခဲ့ပြီး ယင်းအခမ်းအနားသို့ ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်၊ ခရိုင်ရဲတပ်ဖွဲ့နှင့် ကသာအကျဉ်းထောင်မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ကသာအကျဉ်းထောင်မှ ဇူလိုင် ၂၂ ရက် ညနေပိုင်းတွင် အကျဉ်းသား အကျဉ်းသူ ၁၅ ဦးကို စတင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)