အိမ်မဲ ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များကို အသံချဲ့စက်ဖြင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများပါမကျန် နေ့ညမပြတ် ဇူလိုင် ၂၃ ရက်က ဆက်လက်၍ လိုက်လံဆောင်ရွက်နေကြောင်း သိရသည်။

အိမ်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှိုးဆော်ချက်များကို နေ့ညမပြတ်မြို့ပေါ်ရပ်ကွက်များ၊ မြို့မစျေး၊ လူစည်ကားရာနေရာများ၊ မြို့အဝင်စစ်ဆေးရေးဂိတ်တို့တွင် အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ချက်များကို လိုက်လံကြေညာခဲ့ကြောင်း သိရသည်။

အလားတူ အိမ်မဲမြို့နယ် ကျေးရွာအုပ်စု ၉၇ အုပ်စုတို့တွင်လည်း အသိပညာပေး နှိုးဆော်ချက်များကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက လိုက်လံ၍ လက်ကိုင်စပီကာများ၊ အသံချဲ့စက်များဖြင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာဦးရေမှာ ဇွန် ၂၅ ရက်မှ ဇူလိုင် ၂၂ ရက် ညအထိ စုစုပေါင်း၂၇၄ ဦး၊ ဆေးရုံဆင်းလူနာ ၁၃၃ ဦး၊ လက်ရှိကုသမှုခံယူနေသူ ၁၃၇ ဦး၊ သေဆုံးလူနာ ၁၅ ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)