ဖြူး ဇူလိုင် ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနေမှုကို ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရေး နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များနှင့် လမ်းမများပေါ်တွင် အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်ကြသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသည့် တိုက်တွန်းနှိုးဆော်ချက်များကို အုတ်ဖြတ်လမ်း၊ ထန်းကုန်းလမ်း၊ ကျော်လှ-ကင်မွန်းခြုံလမ်း၊ ဘူတာတောင်(၂၄)လမ်းများတွင် လိုက်လံ အသိပေးနှိုးဆော်ကြခြင်း ဖြစ်သည်။ ဖြူးမြို့နယ်တွင် ဇွန် ၉ ရက်မှ ဇူလိုင် ၂၃ ရက်အထိ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ ၉၃၀၊ သေဆုံးသူ ၃၄ ဦးအထိရှိနေပြီး၊ ဆေးကုသရေး Center များတွင် ၁၅၇ ဦး၊ ကျန်းမာရေးပြန်လည် ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းသူ ၇၃၉ ဦးရှိကြောင်း သိရသည်။
နေမျိုးလွင်(ဖြူး)


