မန္တလေး    ဇူလိုင်    ၂၃ 

မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက မန္တလေးမြို့တော်ခန်းမတွင် ကျင်းပသည်။ 

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယ မြတောင်တိုက် သမ္မတ စာချကျောင်း ဆရာတော် ဘဒ္ဒန္တအင်္ကုရ ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ချီးမြှင့်သည့် ပရိတ်တရားတော်မြတ်များကို နာယူကြည်ညိုကြသည်။ 

ထို့နောက် ဗိုလ်ချုပ်ကိုကိုဦးနှင့် တာဝန်ရှိသူများမက သံဃာတော်၊ အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင် မဟာဓမ္မိကာရာမတိုက် ရတနာပုံကျောင်း ဆရာတော် ဘဒ္ဒန္တသီဟနာဒထံမှ အနုမောဒနာတရား နာယူကြည်ညိုကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ 

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ အဓိပတိ မဟာနာယက၊  မဟာအောင်မြေမြို့နယ်၊ မဏိရတနာရာမ မြတောင်ကျောင်းတိုက်၊ သမ္မတစာချကျောင်း ဆရာတော် ဘဒ္ဒန္တအင်္ကုရ၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ချမ်းမြသာစည်မြို့နယ်၊ မဟာဓမ္မိကာရာမကျောင်းတိုက်၊ ရတနာပုံကျောင်း ဆရာတော် ဘဒ္ဒန္တသီဟနာဒ တို့အမှူးပြုသည့် သံဃာတော် ၁၀ ပါး ကြွရောက်တော်မူကြပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှူး (ညွှန်ကြားရေးမှူး) ဦးကျော်လှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်