ဝန်းသို    ဇူလိုင်    ၂၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ပြည်သူလူထုအခြေပြုစနစ်ဖြင့် ကျေးရွာလူထုအား စွမ်းဆောင်ရည်မြင့်မားစေ ရန်နှင့် ကျေးလက်ဒေသ အခြေခံအဆောက်အုံများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (Village Development Project) ကို  ကျေးရွာပေါင်း ၂၅ ရွာတွင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၃ ရက်အထိ ကျေးရွာပေါင်း ၁၇ ရွာတွင် စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း  မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

ဝန်းသိုမြို့နယ်အတွင်း VDP စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၀၀စီဖြင့် ကျေးရွာလူထုကိုယ်တိုင် စီမံဆောင်ရွက်သည့် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၁၁ ရွာ၊ ဂျင်းမြေ/သဲကျောက်/ ကျောက်ရောမြေခင်းခြင်းလုပ်ငန်း လေးရွာ၊ မီးလင်းရေးလုပ်ငန်း(ဗို့-၄၀၀ ဓာတ်အားလိုင်းသွယ်တန်းခြင်း) တစ်ရွာ၊ စိမ့်စမ်းရေသွယ်ယူခြင်းနှင့် ကွန်ကရစ်ရေမြောင်းပြုလုပ်ခြင်း တစ်ရွာတို့တွင် ကျေးရွာ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ပြီး ကျန်ရှိနေသော အောင်သာကုန်းကျေးရွာ စာသင်ကျောင်းဆောင် ဆောက်လုပ်ခြင်း ၈၀ ရာခိုင်နှုန်း၊ ကြူတောကျေးရွာ ဘက်စုံသုံးခန်းမ ဆောင်ရွက်ခြင်း ၅၀ ရာခိုင်နှုန်း၊ အလယ်ခုံကျေးရွာ စာသင်ဆောင် တိုးချဲ့ခြင်းနှင့် ရွာတွင်းလမ်း သဲကျောက်ခင်းခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်း၊ ဇီးဖြူကုန်းကျေးရွာ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ၂၅ ရာခိုင်နှုန်း၊ ကံကုန်းကျေးရွာ ပေ ၈၀ ကျော် တံတားတည်ဆောက်ခြင်း ၆၀ ရာခိုင်နှုန်း၊ ကနဖော့ကျေးရွာ Transformer တပ်ဆင်ခြင်း ၅၀ ရာခိုင်နှုန်း၊ ထပ်တိုးကျေးရွာဖြစ်သည့် မင်းကုန်းနှင့် လေဘိုကျေးရွာတို့တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ၅၀ ရာခိုင်းနှုန်းထိ ဆောင်ရွက်ပြီးစီးပြီဖြစ် ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များကို  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ကြပ်မတ်ပြီး လိုအပ်သော နည်းပညာများ  ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ကျော်မြိုင်