မုဒုံ    ဇူလိုင် ၂၃
 
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးစပါးစိုက်ရာသီအဖြစ် ဇွန်လတွင် စတင်ပျိုးထောင်  လျက်ရှိပြီး ဇူလိုင်လတွင် မိုးစပါးများ စတင်စိုက်ပျိုးကြောင်း သိရသည်။

ယခုနှစ် မိုးစပါးစိုက်ရာသီချိန်တွင် စပါးဖျက်ခရုအန္တရာယ်နှင့် ကြုံတွေ့နေရသဖြင့် ခရုများ၏ စပါးအဖျက်စွမ်းအား ကြီးမားကာ ညနေပိုင်း ခရုများ အစာရှာချိန်တွင် ခရုအများအပြား တွေ့ရတတ်ကြောင်း၊ ခရုအကောင်ကြီးများကြောင့် စပါးပင်များ ပြိုလဲကျကြောင်း၊ စပါးစိုက်ဧကအချို့ ခရုဖျက်ဆီးမှု ကြုံတွေ့နေရကြောင်း     စပါးစိုက် တောင်သူ ဦးမင်းနိုင်ရစ်ထံမှ သိရသည်။ မုဒုံမြို့နယ်ရှိ တောင်သူများ အနေဖြင့် ခရုကောက်ခြင်းကို တစ်နိုင်တစ်ပိုင် ပြုလုပ်ကြသည့်အပြင် ပိုးသတ်ဆေး ဖျန်းခြင်းများ ဆောင်ရွက်ကြသော်လည်း ခရုများ၏ ပေါက်ဖွားမှုနှုန်း မြန်ဆန်မှုကြောင့် အမြစ်ပြတ် နှိမ်နင်းခြင်း မပြုလုပ်နိုင်သဖြင့် စပါးဖျက်ခရု အန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း တောင်သူများထံမှ သိရသည်။

မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးရာသီကာလအတွင်း အများဆုံး ပေါက် ဖွားနိုင်သော ခရုဥကို စနစ်တကျ တိုက်ဖျက်နှိမ်နိုင်ရန်အတွက် မယ်ဇယ်ဆီကြိတ်ဖတ် သဘာဝခရုသတ်ဆေးအကြောင်းနှင့် စပါးဖျက်ခရုအန္တရာယ်မှ ကင်းဝေးနိုင်သည့် ဆောင်ရွက်ချက်များကို တောင်သူများ သိရှိနားလည်နိုင်ရန်အတွက် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီး အရာရှိ ဦးငြိမ်းချမ်းကျော်ထံမှ သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)