ကျောက်ဖြူ ဇူလိုင် ၂၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ်ဆောင်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက် ဆေးကုသမှုခံယူနေသူများအနက် ရောဂါသက်သာပျောက်ကင်းသူ ကိုးဦးအား ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဆေးရုံးဆင်းခွင့်ရရှိသူ စုစုပေါင်း ၆၃ ဦး ရှိကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါ သက်သာပျောက်ကင်းသူ ကိုးဦးအား သမားတော်နှင့် တာဝန်ကျသူနာပြုဆရာမတို့က မိမိနေအိမ်တွင် (Stay at Home) အဖြစ် ခုနစ်ရက် အသွား အလာကန့်သတ်ကာ သီးသန့်နေထိုင်ရန်နှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာလိုက်နာကြရန်မှာကြားကာ ဆေးရုံဆင်းလက်မှတ် ပေးအပ်ခဲ့သည်။ ဆေးရုံဆင်းခွင့် ရရှိသူများအား ကျောက်ဖြူမြို့ရှိ ပရဟိတအဖွဲ့များက နေအိမ်သို့ အသီးသီးပြန်လည် ပို့ဆောင်ပေးခဲ့ကြသည်။
ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးရှိ Fever Corner သို့ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှူကြပ် စသည့် ရောဂါလက္ခဏာဖြင့် လာရောက်ပြသသူများ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူတို့နှင့် ထိတွေ့ ဆက်စပ်သူများနှင့် Stay at Home ဒေသများမှ ပြန်လည်ရောက်ရှိသူများအား Quarantine Center ထားရှိပြီး RDT Test Kit ဖြင့် ၂၄ ဦး စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိသူ ၁၁ ဦးတွေ့ရှိခဲ့သည်။ ၎င်းတို့မှာ ဇင်ချောင်းတိုက်နယ်မှ ငါးဦး၊ ငလပွေ့ရပ်ကွက်မှ နှစ်ဦး၊ မြေပုံမြို့နယ် (ကျွန်းသာယာ၊ အုန်းချောင်း)မှ နှစ်ဦး၊ သန်ပန်ချောင်းရပ်ကွက်မှ တစ်ဦးနှင့် IDP ကန့်မှ တစ်ဦးတို့ဖြစ်ကြသည်။
ကျောက်ဖြူမြို့တွင် ဇူလိုင် ၃ ရက်နေ့မှ ၂၂ရက် ညနေ ၅ နာရီအထိ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးအတည်ပြုသူ စုစုပေါင်း ၁၉၉ ဦးအထိရှိပြီး ဆေးရုံးဆင်းခွင့်ရရှိသူ စုစုပေါင်း ၆၇ ဦး၊ ဆေးရုံတွင် ဆေးကုသမူခံယူနေသူ စုစုပေါင်း ၁၂၆ ဦးနှင့် ပျံလွန်တော်မူ ရဟန်းတစ်ပါးအပါအဝင် ခြောက်ဦးရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဖြိုးဝေလင်း၊တင်ထွန်းဦး(ပြန်/ဆက်)


