သရက် ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိ စေရေး အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၃ ရက် မွန်းလွဲ ၁ နာရီက အသံချဲ့ စက်ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပ ထွက်ခွာခြင်းမပြုကြရန်၊ နေအိမ် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းမျာ စနစ်တကျတပ်ဆင်သွားလာကြရန်၊ တစ်ဦးနှင့် တစ်ဦးခြောက်ပေခွာ၍ လူစုလူဝေးများ ရှောင်ရှားကြရန်၊ မကြာခဏ လက်ကို ဆပ်ပြာနှင့် စနစ်တကျဆေးကြောရန်၊ ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြရန် စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးနှိုးဆော်ခဲ့ကြသည်။
အလားတူ သရက်ခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော အောင်လံ၊ မင်းတုန်း၊ မင်းလှ၊ ကံမနှင့် ဆင်ပေါင်ဝဲ မြို့နယ်များတွင်လည်း အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)


