မိုင်းယောင်း ဇူလိုင် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ဇူလိုင် ၂၃ ရက်က အလှူရှင်များက မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့သို့ လာရောက်လှူဒါန်းကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် အမှတ်(၃)ရပ်ကွက်မှ ဒေါ်သန်းသန်းမူ မိသားစုက အလှူငွေ ကျပ်ငါးသောင်းနှင့် ပါးစပ်နှင့် နှာခေါင်းစည်း(Mask) ငါးဘူး၊ အမှတ်(၉)ရပ်ကွက်မှ ဦးကျော်မင်းသူက ပိုးသတ်ဆေးဖျန်းစက် တစ်လုံး၊ အမှတ်(၁)ရပ်ကွက်မှ ဒေါ်ပါဆောင်က အလှူငွေ ကျပ်သုံးသောင်းတို့ကို လာရောက်လှူဒါန်းရာ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
မိုင်းယောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ ဆေးဖျန်းခြင်းလုပ်ငန်းများကို ရှေ့တန်းနေရာမှ ပူးပေါင်းပါဝင် ဆောင်ရွက်နေသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့သို့ မိုင်းယောင်းမြို့မှ အလှူရှင်များနှင့် အခြားမြို့များမှ အလှူရှင်များလည်း ပေးပို့လှူဒါန်းလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း



