စပါးတိုက်စစ်မှူး ဆွန်ဟောင်မင် လေးနှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ချုပ်ဆို

ဇူလိုင် ၂၅

စပါးအသင်းတိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ဗိုက်ဟက်ဒ်လိန်းမှာ ၂၀၂၅ ခုနှစ်အထိ ဆက်ရှိနေမယ့် လေးနှစ်သက်တမ်းရှိ စာချုပ်သစ် တစ်ရပ်ကို ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ၂၀၁၅ ခုနှစ်အတွင်းက ဂျာမန်ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်အသင်းကနေ စပါးအသင်းဆီကို ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း စပါးအသင်းနဲ့ အတူ ပွဲပေါင်း ၂၈၀ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုးစုစုပေါင်း ၁၀၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။

တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားနိုင်ငံ လက်ရွေးစင်အသင်းနဲ့အတူ နိုင်ငံတကာပွဲစဉ် ၉၃ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး ၂၇ ဂိုးအထိသွင်းယူပေးခဲ့ကာ ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ်ကြိမ်ပါဝင်ကစားခွင့် ရရှိခဲ့သူဖြစ်ပါတယ်။

တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ၂၀၁၉ ခုနှစ်အတွင်းက စပါးအသင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်လှမ်းခွင့်ရရှိခဲ့ချိန်က စပါးအသင်းအတွက် အဓိက အရေးပါတဲ့ကစားသမားအဖြစ် ရှိနေခဲ့တာဖြစ်ပြီး မန်စီးတီး အသင်းနဲ့ စပါးအသင်းတို့ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာလည်း ဒုတိယအကျော့မှာ စပါးအသင်းအတွက် နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့တာကြောင့် အဝေးဂိုး စည်းမျဉ်းအရ စပါးအသင်းက ဆီမီးဖိုင်နယ် တက်လှမ်းခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားကြယ်ပွင့် ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက စပါးအသင်းအတွက် ပြိုင်ပွဲအရပ်ရပ်မှာ ပွဲစဉ်စုစုပေါင်း ၅၁ ပွဲ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး စုစုပေါင်း ၂၂ဂိုး သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီက ပရီမီယာလိဂ်ပြိုင်ပွဲတစ်ခုတည်းမှာ စပါးအသင်းအတွက် သွင်းဂိုး ၁၇ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ပိတ်သိမ်းချိန်မှာ ပရီမီယာလိဂ်ရဲ့ အဆင့်ခုနှစ်နေရာနဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ငွေကြယ်