ရေဖြူ ဇူလိုင် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဝေဒနာခံစားနေရသူများ၊ ဖျားနာနေသူများအတွက် လိုအပ်သည့်အောက်ဆီဂျင်များ အချိန်မရွေးရရှိနိုင်ရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အောက်ဆီဂျင် ပြတ်လပ်မှုမရှိရေး ဆောင်ရွက်လျက်ရှိကြောင်း အာယုဇီဝ အောက်ဆီဂျင်အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်ထံမှ သိရသည်။
ရေဖြူမြို့ အာယုဇီဝ အောက်ဆီဂျင်အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က “ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတဲ့ အချိန်ကစပြီး ဆေးရုံမှာတော့ (၄၀)လီတာ အောက်ဆီဂျင်အိုး (၆)လုံးနဲ့ အဖွဲ့ပိုင် ၁၀ လီတာ (၅၅)လုံးရှိပါတယ်၊ ထားဝယ်မြို့ အာယုဒါန အောက်ဆီဂျင်အသင်းမှာ (၁)ရက်တစ်ကြိမ် သွားရောက်ယူရပါတယ်၊ တစ်ရက်ကို (၁၅)လုံးနဲ့ (၂၀)လုံးကြားထည့်ပေးပါတယ်၊ အလှူငွေကို စေတနာအားဖြင့် လှူသလောက်ပဲ အာယုဒါနက လက်ခံပေးပါတယ်။ အောက်ဆီဂျင်အိုးတွေ ရောက်လာတာနဲ့ ကိုဗစ်-၁၉ ရောဂါကုသနေတဲ့ မြို့နယ်ပြည်သူ့ ဆေးရုံနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်ပါတယ်၊၊ ပြည်သူတွေအနေဖြင့်လည်း အောက်ဆီဂျင်အတွက် အလှူငွေနေ့စဉ် လာရောက်လှူဒါန်းကြတယ်။ မည်သူ့ကိုမဆို အခမဲ့ဖြန့်ဝေပေးခြင်း ဖြစ်ပါတယ်၊ လောလောဆယ်မြို့နယ်တွေမှာ လူနာများလာတော့ အောက်ဆီဂျင် အဆက်မပြတ်အောင် ကြိုးစားနေပါတယ်" ဟု အောက်ဆီဂျင်လုံလောက်မှု ရှိစေရေး ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ရေဖြုမြို့နယ်အတွင်း ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၄၉)ဦးရှိပြီဖြစ်သော်လည်း အောက်ဆီဂျင် ပြတ်လပ်မှုမရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖြူဖြူရှိန်


