လှိုင်းဘွဲ  ဇူလိုင်  ၂၅

 

ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေများ ကျဆင်းလာသဖြင့် မြေနိမ့်ပိုင်းရှိနေအိမ်များသို့ ရေများဝင်ရောက်လျက်ရှိသဖြင့် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့်  ရေဘေးသင့်အိမ်ထောင်စုများအား ပြောင်းရွေ့နေထိုင် နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

လှိုင်းဘွဲမြို့နယ်တွင် ဇူလိုင် ၂၅ ရက် နံနက်ပိုင်းက မိုးရေချိန်အမှတ် (၉၉၅)စင်တီမီတာရှိပြီး မိုးအဆက် မပြတ်ရွာသွန်းလာ၍ ရေကြီးမှုများဖြစ်ပေါ်လာနိုင်သောကြောင့် မြေနိမ့်ပိုင်းတွင်နေထိုင်သော ပြည်သူများ အနေဖြင့် ပြောင်ရွေ့နေထိုင်နိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက အောင်ဆန်းခန်းမ၊ အမှတ်(၃)မူလွန်ကျောင်းနှင့် ကမော့ကချူးကျေးရွာ ဆိုင်ကလုန်စင်တာရှိ နေရာ(၃)ခုတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြောင်း သိရသည်။

 

အဆိုပါနေရာများတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်း လမ်းညွန်ချက် များနှင့်အညီ စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရေဘေးသင့်ပြည်သူများ နေထိုင်ဖို့အတွက် လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)