ညောင်ဦး  ဇူလိုင်  ၂၅

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာလအတွင်း အောက်ဆီဂျင်အရေးပေါ် လိုအပ်လာပါက အောက်ဆီဂျင်အလုံအလောက်ရရှိနိုင်ရန်အတွက် အောက်ဆီဂျင်စက်ရုံ တည်ဆောက်သွားရန် စီစဉ်နေကြောင်း မြတ်ဒါနအောက်ဆီဂျင် အခမဲ့ကူညီရေး လူမှုအကျိုးပြုအသင်းထံမှ သိရသည်။

 

ပုဂံ-ညောင်ဦး မြို့နယ်လုံးဆိုင်ရာ မြတ်ဒါနအောက်ဆီဂျင် အခမဲ့လူမှုအကျိုးပြုကူညီရေးအသင်းအနေဖြင့် အောက်ဆီဂျင် အခမဲ့ပံ့ပိုးဆောင်ရွက်နေသည့်အပြင် လူနာများ အောက်ဆီဂျင် အလုံအလောက်ရရှိစေရန်အတွက် ညောင်ဦးမြို့နယ် နာယကဆရာတော်ကြီးများ၊ အလှူရှင်များ၏ ပံ့ပိုးလှူဒါန်းကူညီမှုဖြင့် အောက်ဆီဂျင် ထုတ်လုပ်သည့်စက်ရုံတစ်ရုံ တည်ဆောက်နိုင်ရန် ပြင်ဆင်လျက်ရှိသည်။

 

“ဆရာတော်ကြီးများ၏ လမ်းညွှန်မှုဖြင့် မြို့လူထုအတွက်လိုအပ်တဲ့ အောက်ဆီဂျင်ထုတ်လုပ်တဲ့စက် စုပေါင်းတည်ဆောက်ဖို့ ကြိုပမ်းဆောင်ရွက်နေကြောင်း၊ တစ်နေ့ အောက်ဆီဂျင်လီတာ ၄၀ အိုး၊ ၈၀ လောက် ထုတ်နိုင်သည့်စက် တည်ဆောက်မည်ဖြစ်ကာ အလှူရှင်များအားနှင့် တည်ဆောက်မှာဖြစ်တဲ့အတွက် လီတာ ၄၀ အိုးလောက်ထွက်တဲ့ စက်ကိုကြိုးပမ်းရာမှာ ဉရောပအိုးတွေက ဈေးကြီးကာ ပစ္စည်းအစားထိုးထည့်ဖို့လည်း မလွယ်ကူသည့်အတွက် တရုတ်စက်ပဲမှန်းထားကြောင်း၊ လီတာ ၄၀ အိုး အလုံး ၄၀ ထွက်တဲ့အိုးဆိုလျှင် သိန်း ၆၀၀ ကျော်လောက်မှန်းထားကြောင်း၊ ယခုလက်ရှိ မြို့လူထုနှင့် ဆရာတော်ကြီးတွေ လှူဒါန်းထားတာ သိန်း ၄၀၀ ကျော် ရရှိနေပြီဖြစ်ကြောင်း၊ တစ်ဝက်ကျော်ရရှိနေသည့်အတွက် အောက်ဆီဂျင်စက်ရုံကို တစ်လအတွင်း တည်ဆောက်ဖို့ ခန့်မှန်းထားကြောင်း၊ အောက်ဆီဂျင်ထုတ်လုပ်မှုအရ ၂၄ နာရီတွင် လီတာ ၄၀ အိုး၊ ၄၀ အိုးထွက်တယ်ဆိုလျှင် လိုလောက်အောင် မောင်းပြီး၊ လိုတာတွေကို ရရှိမည့်နေရကနေ အသင်းကားများဖြင့် လိုက်ဝယ်မည်ဖြစ်ကြောင်း” မြတ်ဒါန အောက်ဆီဂျင် အခမဲ့လူမှုကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

မြတ်ဒါနအသင်းအနေဖြင့် ညောင်ဦးမြို့နယ်အတွင်းနှင့် အခြားလိုအပ်နေသည့် လူနာများအတွက် မန္တလေးမြို့မှ တဆင့် အောက်ဆီဂျင်လှူဒါန်းမှုများပြုလုပ်လျက်ရှိပြီး ၁၀ နှစ်ကျော်ကြာခဲ့ပြီဖြစ်ကြောင်း၊ မြို့အတွက်လိုအပ်သည့် အောက်ဆီဂျင်အရေအတွက် အလုံးရေရှိရန် အောက်ဆီဂျင်စက် တပ်ဆင်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေပြီး မြေနေရာမရရှိသေးသည့်အချိန် ဇေယျဝတီရပ်ကွက်၊ ဇေယျဝတီဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း