ကျိုက်မရော  ဇူလိုင်  ၂၅

 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ဇူလိုင် ၂၀ ရက်မှစ၍ ယနေ့ထိ မိုးအဆက်မပြတ် ရွာသွန်းသဖြင့် အတ္တရံမြစ်ရေမြင့်တက်ကာချောင်းနှစ်ခွကျေးရွာ အနိမ့်ပိုင်းရှိ အိမ်ခြေ ၁၀၀ ခန့် ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။


ချောင်းနှစ်ခွကျေးရွာသည် ကျိုက်မရော-ကြာအင်းဆိပ်ကြီး ကားလမ်းမကြီးပေါ်၌တည်ရှိပြီး အတ္တရံမြစ်ကမ်းဘေး တွင် ကပ်လျက်ရှိသောကြောင့် နှစ်စဉ်မိုးများ၍ တောင်ကျရေစီးဆင်းချိန်နှင့် မြစ်ရေတက်ချိန် လပြည့်နေ့နှင့် လပြည့်ကျော် ၂ ရက်နေ့များတွင် မြစ်ရေကြီးတတ်ကြောင်း၊ မြစ်ကမ်းနှင့်နီးသော အနိမ့်ပိုင်းရှိနေအိမ်များသည် နှစ်စဉ် ရေကြီးနစ်မြုပ်မှုဒဏ်ခံရကြောင်း၊ ယခုအခါ အိမ်ခြေ (၁၀၀)ခန့် ရေဝင်ရောက်လျက်ရှိသဖြင့် ကျေးရွာပြည်သူများအနေဖြင့် ကုန်းမြင့်ပိုင်းရှိ နီးစပ်ရာဆွေမျိုးများထံ သွားရောက်ပြောင်းရွှေ့နေထိုင်ကြပြီး မိမိအိမ်ရှိပစ္စည်းများ၊ ကျွဲနွားတိရစ္ဆာန်များကိုလည်း ကုန်းမြင့်ပိုင်းများသို့ အချိန်နှင့်တစ်ပြေးညီ ပြောင်းရွေ့နေကြ ကြောင်း သိရသည်။


အဆိုပါ ရေနစ်မြုပ်ရာ အိမ်ခြေ(၁၀၀)အတွက် လိုအပ်သည့်အကူအညီများကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပရဟိတအသင်းများမှ လိုအပ်သည့်အကူအညီများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)