ဟားခါး ဇူလိုင် ၂၅
ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု၊ ကူးစက်ခံရမှု၊ သေဆုံးမှုနှင့် ကာကွယ်ထိန်းချုပ်ကုသရေး ဆောင်ရွက်မှု အခြေအနေ များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင်များက ဖြည့်စွက်ဆွေးနွေးကြသည်။
ထို့နောက် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ၊ ပြည် နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ ဦးငွန်ဆန်းအောင်နှင့် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ပလက်ဝမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု များပြားလာသည့်အတွက် လိုအပ်သည့်အောက်ဆီဂျင် Plant ရရှိရေး ဆက်လက်တင်ပြရန်၊ ပလက်ဝမြို့နှင့် ဆမီးမြို့ဆေးရုံအတွက် ခွင့်ပြုထားသည့်အောက်ဆီဂျင် Concentrator (၅)လုံးနှင့် မီးစက်(၂)လုံး အမြန်ဆုံး သယ်ယူနိုင်ရေးဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ လူနာများအတွက် စိတ်ဓာတ်မြှင့်တင်ရေးအတွက် ဆောင်ရွက် သင့်သည့်အချက်များတင်ပြရန်ကိစ္စတို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
ချင်းပြည်နယ်အတွင်း မေ ၁၉ ရက်မှ ဇူလိုင် ၂၄ ရက်အထိ RDT ဖြင့်စစ်ဆေးသူဦးရေ (၁၃၄၅၉)ဦး၊ ပိုးတွေ့လူနာ (၂၇၈၈)ဦး၊ သေဆုံးသူ (၉၇)ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၂၁၃၃)ဦးနှင့် ဆေးကုသမှုခံယူဆဲ (၅၅၈)ဦးဖြစ်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
(ခရိုင် ပြန်/ဆက်)


