တိုက်စစ်ကစားသမား မာရှယ်အား မန်ယူအသင်း ရောင်းထုတ်လို

 

ဇူလိုင် ၂၆

ပရီမီယာလိဂ်ကလပ် မန်ယူအသင်းသည် အိုးထရက်ဖို့ဒ်သို့ ဆန်ချိုကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီးနောက် အသင်းမှ တိုက်စစ်ကစားသမား တစ်ဦးဖြစ်သူ အန်သိုနီ မာရှယ်အား ရောင်းထုတ်သွားဖွယ်ရှိနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အသက် ၂၅ နှစ်အရွယ်ရှိ မာရှယ်သည် နည်းပြ ဆိုးလ်ရှားလက်ထက်တွင် ပထမအသင်း၌ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသည့် ကစားသမားတစ်ဦး ဖြစ်သည်။ ထို့အပြင် နည်းပြ ဆိုးလ်ရှားသည် ရာသီအကြို ချစ်ကြည်ရေးခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည့် ကစားသမားစာရင်းမှလည်း မာရှယ်ကို ချန်လှပ်ထားခဲ့သည်။

မာရှယ်သည် ပြီးခဲ့သည့် ဘောလုံးရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၃၆ ပွဲကစားထားပြီး ခုနစ်ဂိုး သွင်းယူပေးထားနိုင်သည်။ ၎င်းသည် ၂၀၁၅ ခုနှစ်တွင် မိုနာကိုအသင်းမှမန်ယူအသင်းသို့ ပြောင်းရွှေ့ ရောက်ရှိလာပြီးနောက် အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၂၅၈ ပွဲ ပါဝင် ကစားခွင့်ရရှိထား၍ ၇၈ ဂိုးသွင်း ယူပေးထားနိုင်သည်။

စပါးအသင်းသည် မာရှယ်အား ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း မန်ယူအသင်းက သတ်မှတ်ထားသော ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ကို ပေးချေရမည်ဖြစ်သည်။ မန်ယူအသင်းသည် မြို့ခံပြိုင်ဘက် မန်စီးတီး အသင်းက ခေါ်ယူရန် ပစ်မှတ်ထားနေသော ပေါင်သန်း ၁၅၀ ရှိ စပါးအသင်းမှ တိုက်စစ်ကစားသမား ဟယ်ရီကိန်းကို ခေါ်ယူရာတွင် အပြောင်းအရွှေ့ တစ်စိတ်တစ်ပိုင်းအဖြစ် မာရှယ်အား အသုံးပြုဖွယ် ရှိနေသည်။ သို့သော်လည်း စပါးအသင်းသည် မာရှယ်၏ တစ်ပတ် လုပ်အားခ ပေါင် ၂၅၀၀၀၀ ကို ပေးချေရန် အခက်အခဲဖြစ်နေသည်။

မန်ယူအသင်းသည် ရီးရဲမက်ဒရစ်ခံစစ်ကစားသမား ရာဖေးလ် ဗာရာနီကို ပေါင်သန်း ၄၀ ဖြင့် ခေါ်ယူရန် နီးစပ်နေပြီး လက်ရှိတွင် အဆိုပါ ခံစစ်ကစားသမားနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိရန် ဆွေးနွေးနေပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးထွက်ပေါ်လာသော သတင်းများအရ နည်းပြဆိုးလ်ရှားသည် ပီအက်စ်ဂျီအသင်းက ခေါ်ယူရန် ပစ်မှတ်ထားနေသည့် ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို အိုးထရက်ဖို့ဒ်တွင် ဆက်လက်နေစေလိုကြောင်း သိရသည်။

မန်ယူအသင်းသည် ရာသီအကြို ခြေစမ်းပွဲအဖြစ် နှစ်ပွဲယှဉ်ပြိုင်ကစားထားရာ ဒါဘီအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင် ရရှိပြီး ကျူပီအာရ်အသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ထားသည်။ လာမည့် ခြေစမ်းပွဲအဖြစ် ဇူလိုင် ၂၉ ရက်တွင် ဘရန့်ဖို့ဒ်အသင်းနှင့် ကစားသွားမည်ဖြစ်သည်။

အောင်ဇော်