ပေါက်တော ဇူလိုင် ၂၆
ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်၌ မြိုနယ် ကိုဗစ်-၁၉ ရောဂါကာကွယ်တိုက်ဖျက်ရေး အထောက် အကူပြုနှင့် OxygenPlant ဖြစ်မြောက်ရေး ကော်မတီမှ Oxygen Plant ဆောက်လုပ်မည့်မြေနေရာ ဖြစ်သော လောကထိပ်ပန်ဘုရားကြီးအောက်တွင် မြေသန့်မင်္ဂလာပြုလုပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီကပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်သံဃာနာယကဥက္ကဋ္ဌ မနော်သီရိဆရာတော်နှင့် ဆရာတော်သံဃာတော် အရှင်သူမြတ် (၁၈)ပါးတို့က အန္တရာယ်ကင်းပရိတ်တရားတော်များကိုရွတ်ဖတ်ခဲ့ကြသည်။
ပေါက်တောမြို့နယ်အတွင်း အရေးပေါ်လူနာများအတွက် လိုအပ်သော အောက်ဆီဂျင်ကို အချိန်မီ ပေးနိုင်ရေးနှင့် အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေး အတွက်အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန်စီစဉ် ရခြင်းဖြစ်ကြောင်းအောက်ဆီဂျင်ဖြစ်မြောက်ရေး ကော်မတီထံမှသိရသည်။
အဆိုပါ အောက်ဆီဂျင်ဖြစ်မြောက်ရေးကော်မတီကို အဖွဲ့ဝင်(၂၅)ဦးဖြင့်စတင် ဖွဲ့စည်းခဲ့ကြပြီး၊ ပေါက်တောမြို့နယ် ပြည်သူများနှင့် စေတနာရှင်များ၏ စုစုပေါင်းလှူဒါန်းငွေကျပ်မှာ ဇူလိုင်(၂၄)ရက် အထိ ငွေကျပ်သိန်းပေါင်း (၇၀၀)ကျော်ရရှိပြီဖြစ်ကြောင်းသိရသည်။
အောက်ဆီဂျင်စက်ရုံ၏အကျယ်အဝန်းမှာ အလျား(၅၅)ပေ၊အနံပေ(၂၀) ၊အမြင့်(၁၄)ပေဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး စက်ရုံတည်ဆောက် ပြီးစီးပါကတစ်နေ့ လီတာ (၄၀)အိုးအလုံး (၆၀)မှ (၉၀)အထိထုတ်လုပ်နိုင်မည်ဖြစ်ပြီး၊အောက်ဆီဂျင် စက်ရုံတည်ဆောက်ရေးအတွက်စက်နှင့်အဆောက်အအုံအပါအဝင်ကုန်ကျမည့်ငွေကျပ်သိန်းပေါင်း(၁၀၀၀)ကျော်ဖြစ်ကြောင်းကော်မတီဝင်တစ်ဦးထံမှ
သိရသည်။
ပေါက်တော(ပြန်/ဆက်)


