ပုဗ္ဗသီရိ ဇူလိုင် ၂၆
နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီက ပုဗ္ဗသီရိမြို့နယ် ခုတင်(၃၀၀) ပြည်သူ့ဆေးရုံအတွင်းရှိ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင်နှင့် တာဝန်ရှိသူများ၊ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုကို ကြည့်ရှု့စစ်ဆေးရာ ခုတင်(၃၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာ သီတာစိုးနှင့် ဆောက်လုပ်ရေးအထူးအဖွဲ့ (၄) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိသက်မွန်တို့က အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီးမှုကို ရှင်းလင်းတင်ပြသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူထားသည့် လုပ်ငန်းများ ၈၂ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပြီး သုံးရက်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ပုဗ္ဗသီရိမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ယူထားသည့် စက်ပစ္စည်း တပ်ဆင်ရေးအပိုင်းမှာ ဇူလိုင် ၂၈ ရက်မှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဩဂုတ်လ ပထမပတ်အတွင်း အောက်ဆီဂျင်ထုတ်ယူရရှိရေး ဆောင်ရွက်သွားမည်ဖြစ်သည်။ စက်ရုံတည်ဆောက် ပြီးစီးပါက တစ်နေ့လျှင် အောက်ဆီဂျင် လီတာ ၄၀ ဆန့် အိုး ၁၄၄၀ ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
မျိုးသီဟ (ပြန်/ဆက်)


