နေပြည်တော် ဇူလိုင် ၂၆
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များ၌ ပူးပေါင်းပါဝင် ဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းများ၏ လိုအပ်ချက်များ ဖော်ထုတ်ဆွေးနွေးခြင်းကို ယနေ့ နံနက်ပိုင်းက Online ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြေပြင်တွင် လက်တွေ့ဆောင်ရွက်ပေးလျက်ရှိသည့် စေတနာ့ဝန်ထမ်း၊ ပရဟိတအဖွဲ့ အစည်း ၁၄ ဖွဲ့မှကိုယ်စားလှယ်များ Virtual ဖြင့် တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် လူဦးရေထူထပ်များပြားပြီး သွားလာရေး ခက်ခဲမှုများ ရှိပါကြောင်း၊ ပရဟိတအဖွဲ့များအနေဖြင့် မိမိတို့ အသက်အန္တရာယ်ကိုရင်းပြီး ပြည်သူလူထု ကျန်းမာရေးကို ကူညီစောင့်ရှောက်နေကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အဓိကအားဖြင့် သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်များအတွင်း မည်သို့လုပ်ဆောင်နေပြီး မည်သည့်အခက်အခဲများ ကြုံတွေ့နေကြရသည်ကို မိမိတို့အနေဖြင့် သိရှိမှတ်တမ်းတင်ပြီး သက်ဆိုင်ရာ အဆင့်ဆင့်သို့တင်ပြ၍ အမြန်ကူညီပံ့ပိုးမှုများ ဆောင်ရွက်သွားလိုသည့်အတွက် ပရဟိတအဖွဲ့များ၏ လက်ရှိဆောင်ရွက်နေမှု မြေပြင် အခြေအနေများကို သိရှိလိုကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးက ပရဟိတအဖွဲ့များသည် ပြည်သူလူထုနှင့် ထိတွေ့နေသူများ ဖြစ်သဖြင့် မကြာမီဆောင်ရွက်မည့် ကာကွယ်ဆေးထိုးခြင်း အစီအစဉ်များတွင်လည်း ပြည်သူလူထုမှ ပါဝင်ထိုးနှံနိုင်ရေး စည်းရုံးပေးစေလိုပါကြောင်း၊ ယုံယုံကြည်ကြည်ဖြင့် ထိုးနှံကြပါရန်နှင့် ဥစ္စာကံစောင့်၊ အသက်ဉာဏ်စောင့်ဆိုသကဲ့သို့ မိမိတို့အားလုံး မတူကွဲပြားမှုများကို ခံစား၊ အလေးမထားဘဲ ကပ်ရောဂါကို အတူပူးပေါင်း ကာကွယ်တုံ့ပြန် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မှုရှိစေရန် ကွန်ယက်ချိတ်ဆက် ဖွဲ့စည်းဆောင်ရွက်စေလိုပါကြောင်း၊ ပရဟိတ ကိုယ်စားလှယ်များမှ တင်ပြသည်များကို မိမိတို့ သေချာမှတ်သားပြီး အထက်သို့တင်ပြပြီး ပံ့ပိုးကူညီသွားမှာဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပရဟိတအဖွဲ့များအလိုက် ဆွေးနွေးတင်ပြကြရာတွင် စေတနာ့ဝန်ထမ်းများ လိုအပ်မှု၊ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများလိုအပ်မှု၊ စေတနာ့ဝန်ထမ်း စိစစ်ရေးကဒ်များ ဆောင်ရွက်ပေးနိုင်ရေး၊ Quarantine Center များတွင် တာဝန်ထမ်းဆောင်သည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအတွက် နားနေရန် နေရာအခက်အခဲရှိမှု၊ ရုံးခန်းနေရာ ကွပ်ကဲရေးစင်တာ လိုအပ်မှု၊ PPE ဝတ်စုံများ၊ အစားအသောက်နှင့် စက်သုံးဆီ လိုအပ်မှုများ၊ လူနာတင်ယာဉ်များ သွားလာရေး၊ သယ်ယူရေးဆိုင်ရာကိစ္စများ၊ လူနာတင်ယာဉ်များတွင် အောက်ဆီဂျင်အိုး လိုအပ်မှုနှင့် ၊ (Positive Center) ကြီးများတွင် အောက်ဆီဂျင်အရည် Liquid ကားများ ထားရှိပေးနိုင်ရေး၊ ဆရာဝန်နှင့် သူနာပြုများလိုအပ်မှု၊ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် ပရဟိတအဖွဲ့များနှင့် တာဝန်ရှိသူများအကြား ကွန်ယက်ချိတ်ဆက် ဆောင်ရွက်နိုင်ရန်၊ Network ဖွဲ့စည်း ဆောင်ရွက်သွားစေလိုမှုနှင့် မြေပြင်တွင် အဖွဲ့အလိုက် ဆောင်ရွက်လျက်ရှိရာတွင် ကြုံတွေ့နေရသည့် အခြေအနေများနှင့် အကြံပြုချက်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဇူလိုင် ၂ ရက်နှင့် ၂၁ ရက်များတွင် ပရဟိတအဖွဲ့များ စေတနာ့ဝန်ထမ်းများနှင့် ဆွေးနွေးခဲ့မှုများအရလည်း ယခုတင်ပြမှု အချက်များမှာ များစွာတူညီနေသည်ကို တွေ့ရှိရပါကြောင်း၊ လိုအပ်ချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကော်မတီများသို့ တင်ပြလမ်းညွှန်မှုခံယူပြီး ဌာနဆိုင်ရာများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အဆင့်အနေဖြင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ဦးဆောင်ပြီး၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌက ဦးဆောင်ပါကြောင်း၊ ယခုတင်ပြချက်များအနက် ကုသရေးဆိုင်ရာအပိုင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက Focal အဖြစ် ဆောင်ရွက်လျက်ရှိပြီး၊ စေတနာ့ဝန်ထမ်း ပရဟိတများ၏ အသံနားထောင်ပြီး လိုအပ်ချက်များ တင်ပြဖြည့်ဆည်း ပေါင်းစပ်ပေးရေးကို မိမိတို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြေပြင် အခြေအနေ လုံခြုံရေး၊ လိုအပ်သော ခွင့်ပြုချက်များ၊ ရိက္ခာ၊ PPE ကျန်းမာရေးကာကွယ်ပစ္စည်းများ၊ စက်သုံးဆီ၊ စိစစ်ရေးကဒ်များ နှင့်ပတ်သက်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအလိုက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ပရဟိတ မောင်နှမများအနေဖြင့် မိမိတို့သက်ဆိုင်ရာဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားသည်။
သတင်းစဉ်


