နေပြည်တော်၊ ဇူလိုင် ၂၆
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌများ၊ တာဝန်ရှိသူများက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အဖွင့်အမှာစကား ပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည်များ အချိန်နှင့် တစ်ပြေးညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး၊ ဆုံးဖြတ်ချက်များကို သွက်လက်မြန်ဆန်စွာချမှတ်ပြီး ကူးစက်ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေး၊ လိုအပ်သည်မှန်သမျှကို လုပ်ဆောင်ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ဇူလိုင် ၂၅ ရက် အထိ ကမ္ဘာတစ်ဝန်းလုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူပေါင်း ၁၉၄ သန်း ကျော်ရှိပြီဖြစ်ပြီး မိမိတို့နိုင်ငံ၌ ၂၆၀၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း၊ ဇူလိုင်လအတွင်း ရက်အလိုက်ကြည့်မည်ဆိုပါက ကူးစက်ဖြစ်ပွားမှုလျော့ကျလာသည် ဆိုသော်လည်း သွားလာမှုများကို ကန့်သတ်ထိန်းချုပ်ထားနိုင်မှသာလျှင် ကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းနှင့် မလိုအပ်ဘဲ သွားလာမှုများမပြုလုပ်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရောက်ရှိလာသည့် ကာကွယ်ဆေးများကို ဦးစားပေး သတ်မှတ်ချက်များအလိုက် အမြန်ဆုံး ထိုးနှံပေးနိုင်ရေး ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ရန် ပြောကြားလိုကြောင်း၊ မိမိတို့နိုင်ငံတွင်း၌ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေး လုပ်ဆောင်နေမှုများကို အမြန်ဆုံး အကောင်အထည်ဖော်ပြီး ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။
ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ဆေးပစ္စည်းများနှင့် အခြားအိမ်သုံးအခြေခံ ဆေးပစ္စည်းများ ရောင်းချသည့် အချို့သော ဆေးပစ္စည်းဆိုင်များသည် ဈေးနှုန်းတင် ရောင်းချခြင်း၊ သိုလှောင်ပြီး ပစ္စည်းပြတ်လပ်မှုများ ဖြစ်ပေါ်စေရန် ဆိုင်ပိတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်တွင် ဆေးပစ္စည်းရောင်းချမှုများနှင့် ပတ်သက်၍ စနစ်တကျဖြစ်စေရေး စီမံဆောင်ရွက် ကြပ်မတ်ပေးရန်လိုကြောင်း၊ အစိုးရအနေဖြင့် လိုအပ်နေသည့် ဆေးပစ္စည်းများကို ပြည်ပမှတစ်ဆင့် တင်သွင်းခွင့်ပြုပေးထားပြီး ဆေးဝါးတင်သွင်းမှုနှင့် ပတ်သက်လာပါက မည်သည့် ကန့်သတ်ချက်မျှ ပေးထားခြင်းမရှိကြောင်း၊ တိုက်ရိုက်စီမံခန့်ခွဲသူများ၏ ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှုများဖြင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးရန် လိုအပ်သောကြောင့် သက်ဆိုင်ရာနယ်မြေ အသီးသီးရှိ တာဝန်ရှိသူများ အနေဖြင့်လည်း မျက်ခြည်မပြတ်စောင့်ကြည့်၍ အလေးထားဆောင်ရွက်ပေးကြရန် လိုကြောင်း၊ ဆေးပစ္စည်းများနှင့် ပတ်သက်လာပါက ပြည်သူ့လက်ဝယ်သို့ မြန်မြန်ဆန်ဆန်ရောက်ရှိ ရမည်ဖြစ်ကြောင်း၊ ဆေးပစ္စည်းတင်သွင်းမှု ထိရောက်မြန်ဆန်စေရေး One-stop-service များလည်း ပြုလုပ်ပေးထားပြီးဖြစ်သဖြင့် ဆေးပစ္စည်းများနှင့်ပတ်သက်လာ ပါက တိုင်းဒေသကြီးနှင့် ပြည်နယ်ဥက္ကဋ္ဌများ၊ ဝန်ကြီးဌာနများက အထူးအလေးထား ကြပ်မတ်ဆောင်ရွက်ပေးကြရန်လိုအပ်မည် ဖြစ်ကြောင်း။
ဆေးရုံ၊ ဆေးခန်းများသို့ လာရောက်ပြသသောသူများကို ၎င်းတို့၏ ကျန်းမာရေးအခြေအနေ စစ်ဆေးတွေ့ရှိချက်များအပေါ်မူတည်၍ ဆေးရုံတက်ကုသမှုခံယူရန် လိုအပ်မှု ရှိ၊ မရှိ ဆုံးဖြတ်ကြရပြီး ယင်းသို့ဆုံးဖြတ်ရာတွင် စီမံခန့်ခွဲမှုနည်းလမ်း အရကူညီဆောင်ရွက်နိုင်ရေးနှင့် မှန်ကန်မှုရှိစေရေးအတွက် တာဝန်ရှိသူများက ကြပ်မတ်ပေးကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကုသမှုပေးရန်လိုအပ်နေသည့်သူများကို မဖြစ်မနေကုသမှုလုပ် ဆောင်ပေးရန်လိုအပ်မည်ဖြစ်ကြောင်း၊ လိုအပ်သည့် အုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ်များကို ကျန်းမာရေးဝန်ထမ်းများသာမက အခြားဌာနဆိုင်ရာများမှလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်ကောင်စီအသီးသီးက သင့်တော်သလို တာဝန်ခွဲဝေဆောင်ရွက်ပေးရန် လိုကြောင်း၊ စီမံခန့်ခွဲမှု ကောင်းမွန်ခြင်းအပေါ်မူတည်၍ လုပ်ငန်းအောင်မြင်မှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ အောက်ဆီဂျင်လိုအပ်ချက်များရှိသည်ဟု ထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍ လိုအပ်သည့် နေရာများကို စနစ်တကျ ဖြန့်ခွဲပေးရန် စီမံခန့်ခွဲမှုအပိုင်း အားနည်းခြင်းများ ရှိနိုင်သဖြင့် အောက်ဆီဂျင် ထုတ်လုပ်မှု၊ မှာယူတင်သွင်းမှု၊ ဖြန့်ခွဲမှု တို့ကို စနစ်တကျ ဖြစ်စေရေး စီမံဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း။
ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုကြောင့် တစ်ကမ္ဘာလုံးတွင် အခက်အခဲများရင်ဆိုင်ရ လျက်ရှိပြီး ကုန်ထုတ်လုပ်မှုကိစ္စရပ်များနှင့်ပတ်သက်၍ စား၍ ကုန်သည့် ပစ္စည်း၊ သုံး၍ ကုန်သည့် ပစ္စည်း၊ သောက်၍ကုန်သည့် ပစ္စည်း စသည့်စားသောက်သုံးကုန် ပစ္စည်းများ ထုတ်လုပ်မှုနှင့်ပတ်သက်၍ ကန့်သတ်မှုများ ပြုလုပ်မထားကြောင်း၊ စားရေးသည် အဓိကဖြစ်ပြီး အခက်အခဲမရှိအောင် လုပ်ဆောင်ပေးကြရမည်ဖြစ်ကြောင်း၊ individual လုပ်ကိုင်သည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အဆက်မပြတ် လုပ်ကိုင်ကြရန်လိုကြောင်း၊ ထို့ပြင် ကျန်းမာရေးနှင့်ပတ်သက်သည့် လိုက်နာရမည့် အသိပေးချက်၊ သတိပေးချက်များကိုလည်း ပြည်သူများ သိရှိစေရန်၊ လိုက်နာစေရန် မကြာခဏ ပြောဆိုသတိပေးနေရန်လိုအပ်မည်ဖြစ်ကြောင်း။
လက်ရှိမိုးရာသီတွင် တစ်နိုင်ငံလုံး မိုးရွာသွန်းမှုအားကောင်းလျက်ရှိပြီး တစ်ဖက်က စိုက်ပျိုးရေးလုပ်ငန်း အားကောင်းနိုင်သကဲ့သို့ တစ်ဖက်ကလည်း မိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရေကြီးရေလျှံမှုများအတွက် ကြိုတင်မျှော်တွေး ပြင်ဆင်ထားကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီ၊ လူမှုအဖွဲ့အစည်းများဖြင့် ဝိုင်းဝန်းပူးပေါင်း၍ ဆောင်ရွက်ကြရမည်ဖြစ်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်၍လည်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအတွက် ဝယ်ယူထားရှိသည့် ပစ္စည်းများကို လက်တွေ့ကျကျအသုံးချကြရန်လိုအပ်မည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ကာကွယ်ဆေးထိုးနှံရေး၊ စိုးရိမ်ကြောင့်ကြမှုများကို ဖြေလျော့ရန် စီမံဆောင်ရွက်ပေးနိုင်ရေး၊ သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေးစသည့် အခြေအနေများနှင့်ပတ်သက်၍ ပြောကြားရာတွင် “အဓိကကတော့ ဖြစ်ပွားမှုနှုန်းက အရေအတွက်အားဖြင့် လျော့တာပေါ့၊ သို့သော်လည်း ဒါစိတ်ချရတဲ့အနေအထား မရှိသေးဘူးဆိုတာ ကျွန်တော်ပြောလိုပါတယ်၊ ဒါနံပါတ်တစ်အချက်ပေါ့။ နံပါတ် (၂) အချက်ကတော့ ကာကွယ်ဆေးနဲ့ ပတ်သတ်လို့ ထိုးဖို့အတွက်က မြန်မြန်ဆန်ဆန် ထိုးဖို့လိုပါတယ်။ ဒီဆေးထိုးရေးကို တာဝန်ပေးမယ့် ပုဂ္ဂိုလ်များကိုလည်း သူတို့ ဆောင်ရွက်နိုင်အောင် ကူညီပေးဖို့လိုပါတယ်။ နောက်တစ်ခုကတော့ ဆေးများနဲ့ ပတ်သက်ပြီး စိုးရွံ့ကြောင့်ကြမှုရှိပြီးတော့မှ ဆေးဆိုင်တွေမှာ ထိန်းသိမ်းထားတာတွေ ပိတ်ထားတာတွေ ဒါမျိုးမဖြစ်အောင်လို့လည်း စီမံခန့်ခွဲမှု လမ်းကြောင်းကနေပြီးတော့ သူတို့ကိုလည်း ဆေးဆိုင်တွေ ဖွင့်ရောင်းဖို့ရယ် ထိုက်သင့်တဲ့တန်ဖိုးနဲ့ ရောင်းဖို့ရယ် ဒါတွေကို အသိစိတ်ဓာတ်ရှိရှိ လုပ်ပေးဖို့ပဲ ပြောလိုတယ်။ နောက်ဆုံးကတော့ ဒီသဘာ၀ဘေးအန္တရာယ်နဲ့ ပတ်သက်လို့ဆိုရင်တော့ သဘာ၀ဘေးအန္တရာယ်တွေကို ဒါကြိုတင် တွက်ပြီးတော့လည်းလုပ်ပါ။ ဖြစ်မှလုပ်ပါမဟုတ်ဘူး ကြိုတင်ပြီးတော့ စဉ်းစားပြီးတော့မှ ဒီနေရာတွေ ဒီနေရာတွေတော့ အရင်ဖြစ်ခဲ့ဖူးတဲ့ သာဓကတွေရှိတယ်၊ ဒီနေရာ ဒီနေရာကတော့ ဖြစ်တတ်တဲ့ သာဓကတွေရှိတယ်၊ ဒါကြောင့် စီမံခန့်ခွဲ ရေးနည်းလမ်းနဲ့ ကြိုတင်ပြီးတော့ ဆောင်ရွက် သွားမယ်ဆိုရင်တော့ ဖြစ်ပွားမယ်အချိန်မှာ ကျွန်တော်တို့ ခံရမယ့်ဒဏ်ကတော့ လျော့သွားတာပေါ့။ ဒါကြီးက ကျွန်တော်တို့တားလို့ဆီးလို့လည်း ရတာမဟုတ် ပါဘူး။ တားလို့ ဆီးလို့ မရတာကြောင့် ဖြစ်ပွားမယ့်ဟာကတော့ အပျက်အစီးပိုနည်းသွားမယ့် သဘောရှိတယ် ဒါကိုလည်း ကြိုတင်စဉ်းစားပြီးဆောင်ရွက်သွားကြပါလို့ ကျွန်တော် အဖွင့်အနေနဲ့ ပြောလိုပါတယ်” ဟု ပြောသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တက်ရောက်လာကြသူများက ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုအခြေအနေများနှင့် မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားမှုအခြေအနေ၊ Test Center များ တိုးချဲ့ဖွင့်လှစ်၍ ယနေ့မှစတင်ကာ လူစုလူဝေး ဖြစ်ပွားမှုမရှိစေရေး စနစ်တကျကြပ်မတ်၍ စစ်ဆေး ဆောင်ရွက်ပေးသွားမည့် အခြေအနေ၊ ထွက်ပေါ်လာသည့် စစ်ဆေးချက်အဖြေများ အပေါ်မူတည်၍ သက်ဆိုင်ရာ Center အသီးသီးသို့ လူနာတင်ယာဉ်များနှင့် ပို့ဆောင်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေ၊ စစ်ဆေးမှုများ ပိုမိုပြုလုပ်နိုင်ခြင်းကြောင့် အတည်ပြုလူနာများ ပိုမိုများပြားလာနိုင်ပြီး ၎င်းတို့အား ထားရှိရန်အတွက် Centerများ တိုးချဲ့တည်ဆောက်ခြင်း၊ အောက်ဆီဂျင် လိုအပ် ချက်ဖြစ်ပေါ်မှုမရှိစေရေးအတွက် ဆောက်ရွက်လျက်ရှိသည့်အခြေအနေ၊ ရောက်ရှိလာသည့် ကာကွယ်ဆေးများကို ယနေ့တွင် စတင်ထိုးနှံပေးနေမှု အခြေအနေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ မော်တော်ယာဉ်၊ ရဟတ်ယာဉ်၊ လေယာဉ်များဖြင့် ပို့ဆောင်နိုင်ရေး ဆောင်ရွက်ထားရှိသည့် အခြေအနေ၊ ကာကွယ်ဆေး ထိုးနှံရေးအတွက် နယ်ပယ် ၁၂ ခု သတ်မှတ်ထားပြီး နယ်ပယ်များအလိုက် ဦးစားပေး ထိုးနှံနိုင်ရေး ဆောင်ရွက်ထားရှိသည့်အခြေအနေ၊ ကာကွယ်ဆေးထိုးနှံရန်အတွက် SOP များ ရေးဆွဲ၍ စနစ်တကျထိုးနှံရေး၊ မှတ်တမ်းတင်ရေး ဆောင်ရွက်ထားရှိသည့် အခြေအနေ၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆေးဝါးများ၊ အောက်ဆီဂျင်များနှင့် အထောက်အကူပြု ဆေးပစ္စည်းများကို အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် ဆောင်ရွက်ထားရှိသည့် အခြေအနေ၊ ဆက်လက်၍ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းမှတစ်ဆင့် ထပ်မံဝင်ရောက်လာမည့် အခြေအနေ၊ အများပြည်သူ ရုံးပိတ်ရက်ကာလအတွင်း ဘဏ်များဖွင့်လှစ်၍ ပင်စင်လစာ နှင့် လစာငွေများ လွယ်ကူချောမွေ့စွာ ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးနေသည့် အခြေအနေ၊ ယနေ့မှစ၍ Stock Exchange ရောင်းချမှုအား Online မှတစ်ဆင့် ဆောင်ရွက်နေသည့် အခြေအနေ၊ ပြည်သူလူထုအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ သတင်းများထုတ်လွှင့်မှု၊ အသိပညာပေးအစီအစဉ်များကို တိုင်းရင်းသား ဘာသာများဖြင့်ပါ ကျယ်ပြန့်စွာ ဆောင်ရွက်နေမှုအခြေအနေ၊ ဆိပ်ကမ်းအသီးသီးတွင် ထုတ်ယူရန် ကျန်ရှိသည့် ဆေးဝါးများနှင့်ပတ်သက်၍ အမြန်ဆုံးလာရောက် ထုတ်ယူ၍ ပြည်သူလူထု အတွင်းသို့ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်သွားမည့်အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လူနေထူထပ်သည့် ဒေသနှင့် မြို့နယ်များကိုလည်း အလေးထား၍ ဂရုပြု စောင့်ကြည့်သွားရန် လိုအပ်ကြောင်း၊ အောက်ဆီဂျင် လိုအပ်ချက် ဖြစ်ပေါ်လာမှုမရှိစေရေးအတွက် မျက်ခြည်မပြတ် စောင့်ကြည့်၍ လျင်မြန်စွာဖြည့် ဆည်းဆောင်ရွက်နိုင်ရေး ဌာနများအလိုက် ချိတ်ဆက်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ အောက်ဆီဂျင်ရနိုင်သည့် အရင်းအမြစ်နေရာများမှ နီးစပ်သည့်ဒေသ အသီးသီးသို့ လျင်မြန်စွာပို့ဆောင် ပေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ ကာကွယ်ဆေးများ ထိုးနှံရာတွင် လိုအပ်လျက်ရှိသည့် တပ်ဘက်၊ အရပ်ဘက် ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းများအား ချိတ်ဆက်၍ ဖြည့်ဆည်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရောက်ရှိပြီးဖြစ်သည့် ကာကွယ်ဆေးများကို သတ်မှတ်ထားသည့် နယ်ပယ်အလိုက် ဦးစားပေး အဆင့်အတိုင်း အချိန်မီ ထိုးနှံပေးရန်လိုအပ်ကြောင်း၊ အိန္ဒိယနိုင်ငံမှ မှာယူထားသည့် ကာကွယ်ဆေးများကို လျင်မြန်စွာရရှိရေး ချိတ်ဆက်ဆောင်ရွက်သွားရန် လိုအပ်ပြီး အခြားပြည်ပနိုင်ငံများမှ မှာယူမှုများကိုလည်း စဉ်ဆက်မပြတ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများအား ဖြန့်ခွဲ၍ တာဝန်ပေးအပ်သွားရန်နှင့် စနစ်တကျ စာရင်းပြုစု ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆိပ်ကမ်းများနှင့် လေဆိပ်များသို့ ရောက်ရှိနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဆေးပစ္စည်းနှင့် အခြားအခြေခံ အိမ်သုံးဆေးဝါးများအား အမြန်ဆုံးထုတ်ယူစေ၍ ပြည်သူလူထု လက်ဝယ်သို့ သင့်လျော်သည့်ဈေးနှုန်းဖြင့် ဖြန့်ဖြူးနိုင်ရေးကြပ်မတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများကို လျှော့ချပေး နိုင်ရေးအတွက် Center များကို အဆင့်မြှင့်တင်ကုသနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ စားသောက်နေထိုင်ရေး လိုအပ်သည့် ကိစ္စရပ်များကိုလည်း ကောင်စီများအလိုက်ဖြည့်ဆည်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ လက်ရှိကာလအတွင်း အောက်ဆီဂျင် လိုအပ်မှုကို အဆက်မပြတ် ဖြည့်ဆည်းနိုင်ရေးအတွက် လျှပ်စစ်မီး ပြတ်တောက်မှုမရှိစေရေး တာဝန်ရှိသူ များက မျက်ခြည်မပြတ် စောင့်ကြည့်၍ ဆောင်ရွက်သွားရန် လိုအပ်ကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ဖြည့်စွက်ပြောကြားရာတွင် “အထူးသဖြင့် ကျွန်တော်ပြောချင်တာက ရန်ကုန်တိုင်းပါပဲ၊ ရန်ကုန်တိုင်းက အခု သေဆုံးမှုကလည်း အများဆုံးဖြစ်ပါတယ်။ လူဉီးရေလည်း အများဆုံးဖြစ်တယ်၊ သိပ်သည်းမှုလည်းများတယ်၊ ဒါမနေ့ကအထိ ကျွန်တော်တို့စာရင်း ရထားတာ၊ ဒါအများဆုံး။ ဒုတိယကတော့ မန္တလေးတိုင်း၊ အများဆုံးဖြစ်တယ်။ သို့သော် ဒီလိုပြောလို့ စိတ်ပူစရာတော့ မဟုတ်ပါဘူး၊ စိတ်ပူဖို့ပြောတာလည်း မဟုတ်ဘူး၊ သို့သော် နည်းနည်းပိုဂရုစိုက်ဖို့လိုတယ်။ အဲဒီတော့ အောက်စီဂျင်လိုလို့ရှိရင်လည်း အောက်စီဂျင်ကို Density များတဲ့အတွက်ကြောင့် သူက များများပေးဖို့လိုတယ် ဖြည့်ဆည်းပေးဖို့ လိုတာပေါ့နော်။ အဲဒီတော့ ဆေးရုံတွေဆို လူကြပ်တယ်လို့ ပြောတာပေါ့၊ ဉပမာ-ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ဆေးရုံကြီး ဒါလူတွေကြပ်တယ် လို့ပြောတယ်။ အဲဒီတော့ ကျွန်တော်တို့က ဆေးရုံမှာ လက်မခံနိုင်ဘူးဆိုရင် ဆေးရုံကဲ့သို့ လုပ်နိုင်တဲ့နေရာမျိုးရအောင် ဖန်တီးပေးဖို့ ကြားမှာယာယီဖန်တီးပေးရမယ်၊ ကျွန်တော်တို့ Quarantine စင်တာတွေလုပ်ပေးထားတာတွေရှိတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ စင်တာဖွင့်ရုံနဲ့မရဘူး ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းတွေ ထားရမယ့်ဟာတွေရှိတယ်။ Quarantine စင်တာရယ် နောက်တစ်ခါ Positive လူနာတွေ ထားမယ့်နေရာရယ် ကုသရေးစင်တာထားမယ့်နေရာ၊ ကုသရေးစင်တာကတော့ ဒါမဖြစ်မနေ ဆရာဝန် တွေထားရမှာပေါ့။ အမြင့်ဆုံးကတော့ ကုသရေးစင်တာပဲ အဓိက Density များတဲ့ ရန်ကုန်တိုင်းလို မန္တလေးတိုင်း လိုဟာမျိုးမှာ ဒီကုသရေးနဲ့ ပတ်သက်ပြီးတော့ စင်တာနဲ့ ပတ်သက်ပြီးတော့ ဒီထက် တိုးချဲ့လို့ရမယ်ဆိုရင် တိုးချဲ့မယ်။ တစ်ဘက်ကလည်း လူထပ်ပေးဖို့လိုလို့ရှိရင် ထပ်ပြီးမျှရမယ့် သဘောရှိတယ် အဲဒါကို Realtime လုပ်ပါ။ ဟိုတင်ပြ ဒီတင်ပြတာတွေက ကြာပါတယ်။ ချက်ချင်းဆုံးဖြတ်ပြီး ချက်ချင်း အရေးယူ ဆောင်ရွက်တာ ကောင်းပါတယ်၊ အဲဒါလေးလုပ်ပေးပါလို့ ကျွန်တော်ကတော့ အကြံပြု လိုပါတယ်” ဟု ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ရောဂါကာကွယ်ကုသ ထိန်းချုပ်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း၊ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ရောက်ရှိနေသည့် မိမိတို့မြန်မာနိုင်ငံသားများ ပြန်လည်ရောက်ရှိရန်ရှိသည်ဟု သတင်းများ ရရှိခဲ့ကြောင်း၊ ပြည်ပသို့ရောက်ရှိပြီး အခက်အခဲများ ဖြစ်ပေါ်နေသည့် မိမိတို့နိုင်ငံသားများအား မည်သို့ပင် အခက်အခဲရှိသည်ဖြစ်စေ ပြန်လည်ရောက်ရှိအောင် ခေါ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ လေကြောင်း၊ ရေကြောင်း၊ နယ်စပ်ဂိတ်များမှ ဝင်ရောက်လာမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်၍ လက်ခံနိုင်ရေး ဆောင်ရွက်ပေး ရမည်ဖြစ်ပြီး ၎င်းတို့၏ နေရပ်ဒေသ အသီးသီးသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။
ဆေးဝါးတင်သွင်းနေရမှုများနှင့် ပတ်သက်၍ ပြည်တွင်း၌ လိုအပ်သည့် အခြေခံ အိမ်သုံးဆေးဝါးများကို မိမိတို့ ပြည်တွင်း၌ပင် ထုတ်လုပ်သုံးစွဲနိုင်ရေး လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အခြေအနေမျိုးတွင် အများသုံးဆေးဝါးများကို ပြည်ပမှ တင်သွင်းနေရမှုများကို သင်ခန်းစာယူ၍ မိမိတို့နိုင်ငံရှိ စက်မှုဇုန်များ၊ စက်ရုံ၊ အလုပ်ရုံများတွင် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုများကိုလည်း အားပေးကြရမည်ဖြစ်ကြောင်း၊ အရည်အသွေးကောင်းမွန်ပြီး စွမ်းရည်မြင့်သည့် ဆေးဝါးများကို ထုတ်လုပ်ပေးနိုင်ရမည် ဖြစ်ကြောင်း။
စားသောက်ကုန်နှင့်ပတ်သက်ပြီး ကုန်ဈေးနှုန်းတက်ခြင်းများကို တစ်ကမ္ဘာလုံးတွင် တွေ့ကြုံရလျက် ရှိသည်မှာ သဘာဝပင်ဖြစ်သော်လည်း သဘာဝမကျသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုများဖြစ်လာ၍ မရကြောင်း၊ Supply နှင့် Demand မမျှပါက ကုန်ဈေး နှုန်းတက်မည်ဖြစ်ပြီး ကုန်ကြမ်းများ ဈေးမတက်စေရေး၊ သယ်ယူပို့ဆောင်ရေးစရိတ်များ မကြီးမြင့်စေရေး လုပ်ဆောင်ပေးရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းနှင့် ပတ်သက် ၍ အစာဈေးနှုန်း ကြီးမြင့်မှုမရှိအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း။
သွားလာမှုနှင့် ပတ်သက်၍ ကန့်သတ်ချက်များ လုပ်ဆောင်ထားသည်ဖြစ်သော်လည်း မဖြစ်မနေ သွားလာရန် လိုအပ်သည်များကို ခွင့်ပြုပေးထားကြောင်း၊ တစ်မြို့နှင့်တစ်မြို့ ကုန်စည်စီးဆင်းမှု၊ ကူးသန်းသွားလာမှုနှင့် ရောင်းဝယ်ဖောက်ကားမှုများ မပြတ်တောက်အောင် လုပ်ဆောင်ကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ဆောင်နေကြသည်ဖြစ် သော်လည်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနှင့် ပတ်သက်၍ လုပ်ဆောင်နိုင်သည် မှန်သမျှကို ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်မည် ဖြစ်ကြောင်း ဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


