ချောင်းဆုံ ဇူလိုင် ၂၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ဇူလိုင် ၂၆ ရက်နေ့ ညနေ (၅)နာရီအချိန်ခန့်တွင် ကွမ်ရိုက်ကျေးရွာနှင့် ကဒါကျေးရွာတို့တွင် တောင်မြေပြိုကျမှုများဖြစ်ပေါ်လျက်ရှိပြီး မြေပြိုကျခြင်းကြေင့် အမျိုးသမီးတစ်ဦးပျောက်ဆုံးပြီး အိမ်ခြေ(၃)လုံးပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွမ်ရိုက်ကျေးရွာ ရပ်ကွက်(၈)တွင် တောင်မြေပြိုကျခြင်းကြောင့် ဒေါ်အုန်းမြင့် အသက် (၅၀) နှစ် (ဘ)ဦးကံညွန့် တန်ဖိုးငွေ(၅၁)သိန်းခန့်ရှိ RC တစ်ထပ်တိုက်(၃၀ပေ၊၅၀ပေ)သည် မြေစာပိ၍ ပျက်စီးပြီး အမျိုးသမီးမှာ ပျောက်ဆုံးလျက်ရှိကြောင်း ပျောက်ဆုံးသည့် အမျိုးသမီးအား ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်စဉ် ထပ်မံ၍ မြေပြိုကျသဖြင့် ဦးချစ်စိန်(ဘ)ဦးကြောင် ဆုံးရှုံးမှု တန်ဖိုး (၂၈)သိန်းခန့်ရှိ ပျဉ်ထောင်တစ်ထပ်(၄၀ပေ၊၁၈ပေ) နှင့် ဦးအောင်နိုင်(ဘ)ဦးမောင်အေး ဆုံးရှုံးမှုတန်ဖိုး(၃)သိန်းခန့် ရှိ ပျဉ်ထောင်နှစ်ထပ်အိမ်(၄၀ပေ၊၁၈ပေ)မှာ လှေကားထိခိုက် ပျက်စီးဆုံးရှုံးပြီး စုစုပေါင်း အိမ်ခြေ(၃)လုံးပျက်စီး ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ(၈၂)သိန်းခန့် ရှိကြောင်း၊ ညနေ(၆)နာရီခန့်တွင် မိုးများသည်းထန်စွာရွာသွန်းခြင်းကြောင့် ထပ်မံ၍မြေများပြိုကျလာခြင်းကြောင့် အန္တရာယ်ကြုံတွေ့နိုင်သည့် အိမ်ထောင်စု (၅၅)စုအား ဘေးလွတ်ရာသို့ ပြောင်းရွေ့နေထိုင်စေခြင်း၊ ကွမ်ရိုက် (အ.ထ.က)ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်နိုင်ရေးကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အစည်းများမှ စီစဉ်ဆောင်ရွက်ထားကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အလားတူ ကဒါကျေးရွာ ရပ်ကွက်(၁၃)တွင်လည်း တောင်မြေပြိုကျခြင်းကြောင့် ဦးမှိုင်း(ဘ)ဦးအောင် ရှိန်(၁၅ပေ,၃၀ပေ)ရှိ ပျဉ်ထောင်တစ်ထပ်မှာ မြေစာပိ၍ ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်းသိရသည်။
ချောင်းဆုံ(ပြန်/ဆက်)


