တနင်္သာရီ ဇူလိုင် ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ဇူလိုင်လအတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေများမြင့်တက်လာကာ မြို့တွင်းနေရာအချို့သို့ ရေများ စတင်ဝင်ရောက်လျက်ရှိပြီး တင်္နသာရီမြို့၏ စိုးရိမ်ရေအမှတ်သို့ရောက်ရှိရန် ၃လက်မသာ ကျန်တော့ကြောင်း သိရသည်။
အဆိုပါမိုးများ အဆက်မပြန်ရွာသွန်းပြီး မြစ်ရေများမြင့်တက်လာခြင်းကြောင့် ဇူလိုင်လ ၂၇ရက်နေ့ နံနက် ၇နာရီတိုင်းတာချက်အရ တနင်္သာရီမြစ်ရေအမှတ်သည် ၁၆ပေ ၉လက်မအထိ မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း သိရသည်။
ထို့သို့မြစ်ရေများမြင့်တက်လာခြင်းကြောင့် တနင်္သာရီမြို့ပေါ် ချောင်းကြီးရပ်ကွက်၊ တိုးချဲ့ (၂) နှင့် (၅)လမ်းတို့တွင် ရေအနည်းငယ်လမ်းကျော်လျက်ရှိပြီး မြို့မဘောလုံးကွင်းရှိ မြို့မအားက စားရုံအနီးတွင်လည်း ရေများဝင်ရောက်လျက်ရှိကြောင်းနှင့် ချောင်းငယ်ရပ်ကွက်၊ မွန်စ၊ သီတာလမ်းတို့တွင်လည်း လမ်းရေကျော်နေကြောင်း သိရသည်။
တနင်္သာရီမြို့နယ်တွင် ဇူလိုင်လ တတိယပတ်အတွင်း၌ အဆက်မပြတ်မိုးရွာသွန်းမှုများ ဖြစ်ပွားလာခဲ့ခြင်းနှင့်အတူ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မြိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းများကြောင့် မြိတ်မြို့အနီး မြစ်ဖျားခံစီးဆင်းလာသောကြောင့် တနင်္သာရီမြစ်ရေမှာ တဖြည်းဖြည်းမြင့် တက်လာခြင်းဖြစ်ပြီး ယခုရက်ပိုင်းတွင် ပင်လယ်ဒီရေတက်သောကြောင့် မြစ်ရေပိုမိုကြီးမြင့်နိုင်ကြောင်းနှင့် တနင်္သာရီမြို့၏ မြစ်ရေသတ်မှတ်ချက် ရေအမှတ်မှာ သာမန်ရေမျက်နှာပြင်မှာ ၅ပေဖြစ်ပြီး စိုးရိမ်ရေအမှတ်မှာ ၁၇ပေ နှင့် အန္တရာယ်ရေ အမှတ်မှာ ၂၄ ပေဖြစ်ကြောင်း သိရသည်။
မြင့်ဉီး(မြိတ်)


