မုဒုံ      ဇူလိုင်     ၂၇

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများနှင့် အခြားရောဂါလူနာများအတွက်  အောက်ဆီဂျင်ပြတ်လပ်မှု   အခက်ခဲမဖြစ်ပေါ်စေရန် ရည်ရွယ်၍  အောက်ဆီဂျင်စက်ရုံကို  ဝင်းစိန်တောရကျောင်းဝင်းအတွင်းရှိ   မြေနေရာ ပေ(၆၀×၈၀)၌ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စက်ရုံတည်ဆောက်နိုင်ရေးအတွက် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကေသရ ဝင်းစိန်းတောရ ဆရာတော်ကြီးအား ရည်စူးအမှူထား၍ ဘဒ္ဒန္တသောဟုလာ(ခ)ဦးဇင်းလေးမှ မြေနေရာနှင့် အလှူငွေကျပ်သိန်း(၁၀၀)မတည်ကာ မြို့နယ်အတွင်းရှိ ဦးဆောင် ဆရာတော်ကြီး များ၊ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့်  ရပ်ဝေးရပ်နီးမှ စေတနာရှင် အလှူရှင်များ စုပေါင်းလှူဒါန်းငွေ သိန်း(၆၀၀)ကျော်ရရှိထားပြီး အဆိုပါနေရာ၌  စက်ရုံတည်ဆောက်၍  သြဂုတ်လ ကုန်ပိုင်းတွင် အောက်စီဂျင်စက်တပ်ဆင်သွားမည်ဖြစ်သည်။   

စက်ရုံတည်ဆောက်ပြီးစီးပါက တစ်နာရီကို  လီတာ ၉၀၀ မှ ၁၀၀၀ ကြား ထွက်ရှိမည် ဖြစ်ကြောင်း၊ စက်၏တန်ဖိုးမှာ သိန်း(၁၃၅၀)ဖြစ်ကာ မုဒုံမောင်မောင် ကုမ္ပဏီမှ စက်တပ်ဆင်သွားမည်ဖြစ်ကြောင်း၊ စက်တန်ဖိုး၏ သိန်း (၂၅၀) ကိုအဆိုပါ ကုမ္ပဏီမှ ပြန်လည်လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ မုဒုံမြို့နယ် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေး ကော်မတီမှ ဦးဆောင် ဆရာတော် ဘဒ္ဒန္တကေတုဝါရ ထံမှသိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)