ကြာအင်းဆိပ်ကြီး ဇူလိုင် ၂၇
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့် ရေဝပ်ခြင်းနှင့်မြေကြီးပွခြင်းများ ဖြစ်ပေါပြီး ကုက္ကိုပင်ကြီး၏အမြစ်များ ကြွတက်လာကာ မော်တော်ကား လမ်းပေါ်သို့ ဇူလိုင် ၂၆ရက်နေ့ ညနေ ၆ နာရီကျော်ခန့်က ပြိုလဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကုက္ကိုပင်ကြီးမှာ ကြာအင်းရွှေဒိုးကျေးရွာအုပ်စု ကြာအင်းကြီးကျေးရွာ ကြာအင်းဆိပ်ကြီး-ကော့ကရိတ်ကားလမ်းပေါ်သို့ ပြိုလဲခဲ့ကြောင်း ၎င်းသစ်ပင်ပြိုလဲမှုကြောင့် လူ၊အဆောက်အဦးနှင့် ခရီးသွားယာဉ်များ တစ်စုံတစ်ရာ ထိခိုက်မှုဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ယင်းကျေးရွာမှသတင်းပေးပို့လာမှုအရ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံးသွားရောက်ကာ ခုတ်ထွင်ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး


