မြိတ် ဇူလိုင် ၂၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ဝေဒနာရှင်များ အသုံးပြုရန်အတွက် Oxygen Plant စက်ကို မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြု ကော်မတီ မှ တရုတ်နိုင်ငံသို့ မှာယူထားရှိပြီး ဩဂုတ်လအတွင်း မြိတ်မြို့သို့ ရောက်ရှိလာမည်ဖြစ်ကာ ပြည်သူ့ဆေးရုံတွင် တပ်ဆင်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
“Oxygen Plant က ပြည်သူ့ဆေးရုံမှာထားမယ်။ Oxygen Plant က ဒေါ်လာ(၆)သောင်းနဲ့ သူ့နဲ့ တွဲဖက်သုံးမယ့်မီးစက်က ဒေါ်လာ(၁)သောင်းခွဲ စုစုပေါင်း(၇)သောင်းခွဲကျပါတယ်။ မှာယူထားရှိပြီးပြီ။ တစ်လခန့် ကြာပါ့မယ်။ ဒီစက်က Container Type ဆိုတော့ ရောက်လာရင် မီးစက်နဲ့ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါတယ်။ Oxygen ထည့်မယ့် အိုးတွေလည်း တစ်ခါတည်းမှာထားတယ်။ ဒီစက်က ကော်မတီကို ကိုဗစ် ကာကွယ်ဆေး အတွက်လှူထားတဲ့ ရန်ပုံငွေထဲမှ ဝယ်ယူတာဖြစ်ပါတယ်” ဟု မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး အတွက်အထောက်အကူပြု ကော်မတီ ဥက္ကဌ ဒေါ်တင်တင်ထွေး က ပြောသည်။
အဆိုပါ Oxygen Plant စက် သည် တစ်နေ့လျှင် အောက်ဆီဂျင် အိုး(၁၀၀)ခန့် ထုတ်ပေးနိုင်ကြောင်း၊ မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် လက်ရှိအချိန်၌ အောက်ဆီဂျင်သုံးစွဲမှုအနေဖြင့် ဂန္ဓမာအောက်ဆီဂျင် စက်ရုံမှ အလုံး (၅၀)လှူဒါန်းပေးနေပြီး အလှူရှင်များနှင့် ကော်မတီမှ အလုံး(၁၀၀)မှ(၁၅၀)အထိ အောက်ဆီဂျင်အသုံးပြုလိုသူများအတွက် လှူဒါန်းပေးနေကြောင်း သိရသည်။
မြိတ်မြို့တွင် ကိုဗစ်-၁၉ ပိုး တွေ့ရှိသူများ များပြားလျက်ရှိနေပြီး ကိုဗစ်လူနာများကို မြိတ်ပြည်သူ့ဆေးရုံ သီးခြားလူနာဆောင်၊ မိခင်နှင့်ကလေးကုသဆောင်(ကန်ခေါင်ဆေးရုံ)နှင့် သံဃာ့ဆေးရုံတို့တွင် ကျန်းမာရေး စောင့်ရှောက်ဆေးကုသပေးလျက်ရှိကြောင်း၊ လက်ရှိအချိန်၌ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသူ(၂၃၅)ဦး ရှိနေပြီး သေဆုံးသူ(၁၁)ဦး ရှိခဲ့ပြီဖြစ်ကြောင်း ပြည်သူ့ဆေးရုံမှ သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


