နွားထိုးကြီး၊ ဇူလိုင် ၂၈
နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအား ပြည်သူများသိရှိစေရေး လိုက်လံအသိပေးနှိုးဆော်ခြင်းကို ဇူလိုင် ၂၇ ရက် ညနေ ၅ နာရီက မြို့ပေါ် ရပ်ကွက် (၈)ရပ်ကွက်ရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပေးနှိုးဆော်ချက်များကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ မိမိကစကာကွယ်ပါ ဟူသည့် ဆောင်ပုဒ်နှင့်အညီ နေအိမ်ပြင်ပထွက်လျှင် မဖြစ်မနေ ပါးစပ်နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရေး၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်လုပ်ကိုင်ကြစေရေး၊ လူစုလူဝေးရှောင်စေရေး၊ လက်ကို စက္ကန့် (၂၀)ကြာ မကြာခဏ စနစ်တကျ ဆေးကြောကြစေရေး၊ ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်မထားသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ကြစေရေး၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်း အသိပေး သတိပေးကြစေရေး၊ သက်ဆိုင်ရာ လုပ်ငန်းများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ရေးနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလက္ခဏာ ပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူကုစေရေး စသည့် အချက်များအား ပြည်သူများသိစေရန် လိုက်လံအသိပေးနှိုးဆော်ခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခြင်းကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော် (ပြန်/ဆက်)