မင်းဘူး ဇူလိုင် ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှုန်း မြင့်မားလာသောကြာင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက်မှစတင်၍ မင်းဘူး(စကု)မြို့နယ်အား Stay At Home သတ်မှတ်ကြေညာခဲ့ပြီး ပြည်သူများအနေဖြင့် သတ်မှတ်စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများက ဇူလိုင် ၂၇ ရက် နံနက် ၁၁ နာရီက မြောက်လှည်းအဝိုင်းပတ်၊ ဆေးရုံရှေ့၊ တောင်လှည်းကောက်လမ်းဆုံနှင့် ကျွဲသိုးမြောင်လမ်ဆုံ နေရာများတွင် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစည်းကမ်းသတ်မှတ်ချက်များကို ပြည်သူများက သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီဌာနမှ ဒေသန္တရအမိန့် (၂/၂၀၂၁)ကို ဇူလိုင် ၂၆ ရက် ရက်စွဲဖြင့် ထပ်ဆင့်ထုတ်ပြန်ကြေညာခဲ့သည်။
မင်းဘူး(စကု)မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် အဖွဲ့ဝင်များက ပညာပေးကွင်းဆင်း ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော မိမိနေအိမ်တွင်သာ နေထိုင်ရေး စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ပြီး မဖြစ်မနေဈေးဝယ်ထွက်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာသွားရောက်ရန်၊ ဆေးရုံ၊ ဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် ၂ ဦးသာ သွားရောက်ရန်၊ နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်ရန် စသည့် သတ်မှတ်စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥဒေများအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)


