မိုင်းယောင်း ဇူလိုင် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန် ရှမ်း၊ မြန်မာ ဘာသာများဖြင့် ဇူလိုင် ၂၇ ရက် ညနေပိုင်းက ရပ်ကွက်နှင့် ကျေးရွာများသို့ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် စခန်းမှူး ဒုတိယရဲမှူး ရဲဝင်းနိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်ခိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် လက်ရှိအခြေအနေတွင် အရေးကြီးဆုံးသည် အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ရန်၊ အခြားသူများနှင့် ခြောက်ပေအကွာမှ ခပ်ခွာခွာနေရန်၊ လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ရန် စသည့် ကိုဗစ်-၁၉ ရောဂါကို လျင်မြန်စွာ အချိန်တိုအတွင်း ကာကွယ်နိုင်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် လှည့်လည်၍ တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း


