ကျောက်ဖြူ ဇူလိုင် ၂၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဇူလိုင် ၂၆ ရက်မှစတင်၍ ပင်စင်လစာငွေများ ကို နေ့အလိုက်ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထုတ်ပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရန် ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိပေးသည်။ ယင်းနောက် အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာငွေများ ထုတ်ယူရာ၌ အဆင်ပြေချောမွေ့စေကာ အခက်အခဲမဖြစ်ပေါ်စေရန်အတွက် နေ့ရက်အလိုက် သတ်မှတ် ရပ်ကွက်များအား ဇူလိုင် ၂၆ ရက်မှစ၍ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်း ထုတ်ပေး လျက်ရှိကာ သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသော အငြိမ်းစားဝန်ထမ်းများကို သြဂုတ်လဆန်း (၂) ရက်တွင် ဘဏ်လုပ်ငန်းချိန်အတွင်း ထုတ်ပေးမည်ဖြစ်သည်။
ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပင်စင်လာရောက်ထုတ်ယူသူ ၂၅၀၀ ကျော်ရှိပြီး ဇူလိုင် ၂၆ ရက်တွင် လာရောက်ထုတ်ယူသူ ၄၇၆ ဦး၊ ဇူလိုင် ၂၇ ရက်တွင် လာရောက်ထုတ်ယူသူ ၂၇၄ ဦး၊ စုစုပေါင်းလာရောက်ထုတ်ယူသူ ၇၅၀ တို့အား ပင်စင်လစာငွေများကို ထုတ်ပေးထားပြီး ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)


