ONE မစ်ဒယ်ဝိတ်တန်းစိန်ခေါ်ပွဲအဖြစ် အောင်လအန်ဆန်နှင့် လီအန်ဒရိုတို့ ဇူလိုင် ၃၀ ရက်ထိုးသတ်မည်

ရန်ကုန် ဇူလိုင် ၂၈


ONE Championship က ဇူလိုင် ၃၀ ရက်တွင်ကျင်းပမည့် MMA ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်းစိန်ခေါ်ပွဲအဖြစ် မြန်မာကစားသမား အောင်လအန်ဆန်နှင့် ဘရာဇီးနိုင်ငံသား လီအန်ဒရိုတို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

ONE Championship အဖွဲ့အစည်းသည် Battleground အမည်ရပြိုင်ပွဲအားပြုလုပ်မည်ဖြစ်ပြီး တွဲဆိုင်း ခြောက်ပွဲပါဝင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် မွေထိုင်း Straw ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲဖြစ်သော လက်ရှိချန်ပီယံ ဂိုင်ယန်ဟာဒေါင် (ထိုင်း) နှင့် စိန်ခေါ်သူ ပီရာယန်ချိုင် (ထိုင်း) ၊ Co-Main Event အဖြစ် အောင်လအန်ဆန် (မြန်မာ)နှင့် လီအန်ဒရို (ဘရာဇီး) တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ အခြားတွဲဆိုင်းများအဖြစ် ဆာဝါဒီ (ဂျပန်)နှင့် ဘာလတ် (ကျူးဘား)၊ ချင်ယု (တရုတ်) နှင့် ဂျီရီမီ (ဖိလစ်ပိုင်)၊ အမျိုးသမီးတွဲဆိုင်းများအဖြစ်  ရီတူ (အိန္ဒိယ) နှင့် လင်ဟီကျူ (တရုတ်)၊ ဗစ်တိုးရီးယားလီ (စင်ကာပူ/အမေရိကန်) နှင့် ဝမ်လုပင် (တရုတ်) တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂၀၂၀ ခုနှစ် အောက်တိုဘာ ၃၀ ရက်ကထိုးသတ်သည့်ပွဲတွင် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါကို အရေးနိမ့်ခဲ့သဖြင့် လက်လွှတ်ခဲ့ရသောကြောင့် ချန်ပီယံဆုအား ပြန်လည်စိန်ခေါ်နိုင်ရန် စိန်ခေါ်ပွဲများ ထိုးသတ်ရခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် လီအန်ဒရိုကို အနိုင်ရပါက မစ်ဒယ်ဝိတ်တန်းချန်ပီယံဆုအား စိန်ခေါ်ခွင့်ရမည်ဖြစ်ပြီး ONE Championship အနေဖြင့် ယခုပွဲမှအနိုင်ရသူကို ကမ္ဘာ့ချန်ပီယံလုပွဲထိုးသတ်ခွင့်ပြုမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ အောင်လအန်ဆန်သည် ယခင်က ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂၀၂၀ ခုနှစ် အောက်တိုဘာ ၃၀ ရက်၊ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂၀၂၁ ခုနှစ် ဧပြီ ၂၈ ရက်တွင် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါကို အရေးနိမ့်ပြီး ချန်ပီယံခါးပတ်နှစ်ခုစလုံးကို ၎င်းအား လွှဲပြောင်းပေးခဲ့ရသည်။ အောင်လအန်ဆန်သည် ချန်ပီယံခါးပတ်နှစ်ခုစလုံး လက်လွှတ်လိုက်ရပြီးနောက်ပိုင်း အသက်အရွယ်အရ မစ်ဒယ်ဝိတ်တန်းပွဲစဉ်များသာ ထပ်မံထိုးသတ်ရန် ဆုံးဖြတ်ခဲ့သဖြင့် ONE Championship က မစ်ဒယ်ဝိတ်တန်းပွဲစဉ်များ စီစဉ်ပေးခြင်းဖြစ်သည်။

အောင်လအန်ဆန်နှင့် ထိုးသတ်မည့် လီအန်ဒရိုသည် အသက် ၃၄ နှစ်ရှိပြီဖြစ်ပြီး MMA ကစားသမားဘ၀ ၁၅ ပွဲထိုးသတ်ထားရာတွင် ၁၁ ပွဲနိုင်၊ လေးပွဲရှုံးနိမ့်ထားသည်။ ၂၀၂၀ ဖေဖော်ဝါရီတွင် ဒီရစ်ဒါနှင့် ထိုးသတ်ပြီးနောက်ပိုင်း တစ်နှစ်ခွဲကျော်မှ ပြန်လည်ထိုးသတ်ခွင့်ရရှိခြင်းဖြစ်သည်။ လီအန်ဒရိုသည် အောင်လအန်ဆန်ကို နှစ်ပွဲဆက်အနိုင်ရထားသည့် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် ပူးတွဲလေ့ကျင့်နေပြီး ယင်းအချက်မှာ ယခုတွေ့ဆုံမည့်ပွဲအတွက် စိတ်ဝင်စားစရာကောင်းသည့်အချက်ဖြစ်နေသည်။

သတင်း-ကိုညီလေး
ဓာတ်ပုံ-ONE Championship