ကျောက်ဖြူ ဇူလိုင် ၂၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများလာရောက် ထုတ်ယူလျက်ရှိသည့် အငြိမ်းစားဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများမဖြစ်ပေါ်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက နှာခေါင်းစည်း Mask များ အခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေပေးရာတွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပင်စင်လစာငွေ လာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန် ချက်များဖြစ်သည့် နေအိမ်အပြင်သို့သွားတိုင်း နှာခေါင်းစည်းတပ်ဆင်သွားလာကြရန်၊ အရာဝတ္ထု တစ်ခုခုကို ထိတွေ့ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာ စနစ်တကျ ဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ နေထိုင်ကြရန်၊ မလိုအပ်ဘဲ နေအိမ်အပြင်သို့မသွားကြရန်နှင့် အတတ်နိုင်ဆုံး မိမိအိမ်တွင်သာ နေထိုင်ကြရန် အစရှိသော အသိပညာပေးခြင်းများအား ပြောကြားပြီး အငြိမ်းစားဝန်ထမ်းများအား နှာခေါင်းစည်းများ အခမဲ့ဝေငှပေးခဲ့သည်။
ယင်းနောက် အဆိုပါဝန်ထမ်းများသည် မြန်မာ့စီးပွားရေးဘဏ်မှဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပေါ်စေရန်အတွက် ဘဏ်မန်နေဂျာထံသို့ နှာခေါင်းစည်းများ လှူဒါန်းခဲ့ကြသည်။
ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပင်စင်လစာငွေများကို ဇူလိုင် ၂၆ ရက် မှစ၍ နေ့ရက်အလိုက် သတ်မှတ်ရပ်ကွက်များအား နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်း ထုတ်ပေးလျက်ရှိပြီး သတ်မှတ်ရက်တွင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသော အငြိမ်းစားဝန်ထမ်းများကို သြဂုတ်လဆန်း (၂) ရက်နေ့တွင် ဘဏ်လုပ်ငန်းချိန်အတွင်း ထုတ်ပေးမည်ဖြစ်ကြောင်း အဆိုပါဘဏ်မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)


