ရသေ့တောင် ဇူလိုင် ၂၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် သတ်မှတ်ထားသည့်အုပ်စုအလိုက် အသက်(၆၅)နှစ် နှင့်အထက်မိဘပြည်သူများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ခြင်းလုပ်ငန်းများတွင် ရှေးတန်းမှ တာဝန်ထမ်းဆောင်နေကြသည့် ကာကွယ်ဆေးမထိုးရသေးသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပုဂ္ဂလိက စေတနာ့ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာများရှိ အဘိုးအဘွားများ၊ သာသနာ့ဝန်ထမ်းများ၊ ဘုန်းတော်ကြီးနှင့် သီလရှင်များ၊ ကာကွယ်ဆေး မထိုးရသေးသည့်နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများမှ ဝန်ထမ်းများ၊ အကျဉ်းထောင်များမှ အကျဉ်းသားများနှင့် အချုပ်သားများ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ ပုဂ္ဂိုလ်များအား ဦးစားပေးအလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား စုရပ်(၇)ခုသတ်မှတ်ပြီး မြို့မစုရပ်တွင် တစ်နေ့လျှင် လူဦးရေ (၃၀၀)ခန့်၊ စေတီပြင်စုရပ်တွင် တစ်နေ့လျှင် လူဦးရေ(၂၀၀)ခန့်၊ ကူတောင်စုရပ်တွင် တစ်နေ့လျှင် လူဦးရေ (၂၀၀) ခန့်၊ လောင်းချောင်းစုရပ်တွင် တစ်နေ့လျှင် လူဦးရေ(၁၀၀)ခန့်၊ ကုန်တန်းစုရပ်တွင် တစ်နေ့လျှင် လူဦးရေ (၁၀၀)ခန့်၊ ဘာထလေစုရပ်တွင် တစ်နေ့လျှင် လူဦးရေ(၁၀၀)ခန့်နှင့် ကျောက်တန်းစုရပ်တွင် တစ်နေ့လျှင် လူဦးရေ (၁၀၀)ခန့်အား ထိုးနှံပေးရန် စီစဉ်ထားရှိပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်ကမ်းချက်များနှင့်အညီ တစ်ဦးနှင့်တစ်ဦး (၆)ပေ အကွာနေထိုင်စေခြင်း၊ နှာခေါင်းစည်း(Mask) တပ်ဆင်စေခြင်း၊ လက်သန့်ဆေးရည် (Hand Gel) ဘူးများထားရှိပေးခြင်း စသည့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပြီး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်စံထွန်း (ပြန်/ဆက်)


