တောင်သာ  ဇူလိုင် ၂၉

တောင်သာမြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျက်ရှိသောကြောင့် ပြည်သူများအား  စောင့်ရှောက်မှုပေးရာတွင်  အောက်ဆီဂျင်လုံလောက်စွာရရှိနိုင်ရေးနှင့် အောက်ဆီဂျင်စက်ထားရှိရေးအတွက် စက်ရုံတည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဇူလိုင် ၂၉ ရက် နံနက်(၉)နာရီတွင်  တောင်သာမြို့နယ်  ဘိုးဘွားရိပ်သာ  အမှတ်(၆)ရပ်ကွက်တွင်  ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပန္နက်တင်မင်္ဂလာအခမ်းအနားသို့  မြို့နယ်သာသနာ့ နာယကဉက္ကဋ္ဌ  ရွှေအုန်းပင် ကျောင်းထိုင်ဆရာတော်က သီလပေးတရားတော်များနာယူပြီး ဆရာတော်များက  အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်၍ ဩဝါဒခံယူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊   မြို့နယ်အုပ်ချုပ်ရေးမှူးဦးဟန်သူရ၊ အဖွဲ့ဝင်ဗိုလ်မှူးအောင်ကိုကို၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးရန်နိုင်စိုး၊ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအဖွဲ့ ဦးဝင်းနောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံကိုအလှူရှင်များ၏ လှူဒါန်းငွေများဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး အောက်ဆီဂျင်စက်ရုံမှာ အလျား(၄၅)ပေ၊ အနံပေ (၃၀)၊ အမြင့်ပေ(၂၀) ဖြစ်ပြီး တန်ဖိုငွေကျပ် သိန်းတစ်ထောင်ကျော် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)